Headlines

ကလေးအကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသားအလောင်းကို အာဏာပိုင်တွေက မိသားစုထံ ပြန်လွှဲပေးခဲ့ခြင်း မရှိဘဲ ၎င်းတို့ အစီအစဉ်ဖြင့်သာ မီးသဂြိုလ်လိုက်တယ်လို့ သိရ

မတ်လ ၁၆ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့ဘဲ ပြင်းထန်သော ရောဂါဝေဒနာဖြင့် မတ်လ ၁၃ ရက်နေ့က ကွယ်လွန်ခဲ့ပြီး အလောင်းကိုလည်း မိသားစုထံ လွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာပိုင်များအစီအစဉ်ဖြင့်သာ မီးသဂြိုလ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုး (၅၄ နှစ်)ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက် “စစ်အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀၅-ကနှင့် ၃၀၂(က) တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ကလေးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်း ဝေဒနာများကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ရောဂါအခြေအနေ ဆိုးဝါးလာသဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံမှ ဆင်းခွင့်ရ၍ ထောင်သို့ ပြန်ရောက်သည့်ညမှာပင် အသက်ရှူကျပ်ကာ ဝေဒနာပြန်လည် ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ရပြီး ဆေးရုံအချုပ်ဆောင်တွင် ကုသမှုခံယူနေစဉ် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် နေ့လယ် ၁၂:၁၅ နာရီတွင် ကွယ်လွန်ကျဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ PPNM ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သေဆုံးသွားသူ ကိုဝင်းမြင့်စိုး၏ ရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခြင်း မရှိဘဲ ထောင်အာဏာပိုင်များက “သေမှုသေခင်းအတွက် ရဲလာမည်ဖြစ်၍ အလောင်းပြန်ပေး၍မရကြောင်း၊ အလောင်းရလိုပါက တရားရုံးသို့ သွားရမည် ဆိုသည့် အကြောင်းပြချက်ဖြင့် မိသားစု၏ ဆန္ဒကို ပယ်ချခဲ့ပြီး မတ်လ ၁၅ ရက်နေ့တွင် ကလေးမြို့၊ ကံပုလဲသုသာန်၌ အာဏာပိုင်များ၏ အစီအစဉ်ဖြင့်သာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ PPNM မှ ဆိုပါတယ်။

ကိုဝင်းမြင့်စိုး သေဆုံးရခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဆေးကုသခွင့် ပိတ်ပင်ထားခြင်း၏ အကျိုးအဆက်သာ ဖြစ်ကြောင်းနဲ့ အကျဉ်းထောင်တွင်း လူမဆန်သည့် လုပ်ရပ်များအတွက် စစ်ကော်မရှင်နှင့် ထောင်အာဏာပိုင်များတွင် တာဝန်ရှိကြောင်း PPNM က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *