Headlines

၂၀၂၁ စစ်အာဏာသိမ်းပြီး မိုင်းဒဏ်ကို အပြင်းအထန် ခံနေရတဲ့ ရှေ့တန်းက ဒေသတစ်ခု ဖြစ်လာတဲ့ချင်းပြည်

ရေး – DonBosco

ချင်းပြည်နယ်အတွင်းက ဟားခါးမြို့နဲ့ တီးတိန်မြို့၊ ခိုင်ကမ်းမြို့ပေါ်များမှလွဲပြီး မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက်၊ တွန်းဇံနဲ့ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို အလုံးစုံ တိုက်ထုတ်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်ခဲ့ပေမယ့် ချင်းပြည်သူတွေအတွက်တော့ နောက်ထပ် “အသံတိတ်စစ်ပွဲ” တစ်ခုကတော့ လက်ရှိအချိန်သာမကရေရှည်ဖြေရှင်းရမယ့် အန္တရယ်အဖြစ် ရောက်ရှိလာတယ်လို့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေက သက်သေပြလို့နေပါတယ်။

အဲဒါကတော့ မြို့ရွာတွေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကော်မရှင်ဟာ လေကြောင်းအန္တရာယ်ကိုပါ မထင်ရင်မထင်သလို အမြဲတမ်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း BNI ရဲ့ Myanmar Peace Monitor အစီရင်ခံစာအရ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့ မြို့နယ်ဟာ မင်းတပ်မြို့နယ်ဖြစ်ပြီး ၂၂ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာလည်း လေကြောင်းကနေ ဗုံးကြဲတာတွေဟာ ခပ်စိပ်စိပ်နဲ့ အမြဲတမ်းလိုလို ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွက် ထွက်ပေါ်လာတဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL) ရဲ့ Landmine Monitor 2025 အစီရင်ခံစာသစ်အရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦး အထိ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှု အများဆုံးနိုင်ငံအဖြစ် ဒုတိယနှစ်ဆက်တိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၃ ခုနှစ်က ထိခိုက်သူ ၁,၀၀၃ ဦးထက် နှစ်ဆနီးပါး မြင့်တက်လာတာဖြစ်ပြီး ဒုတိယနေရာမှာ ရှိတဲ့ ဆီးရီးယားက ၁,၀၁၅ ဦးနဲ့ တတိယနေရာက အာဖဂန်နစ္စတန်က ၆၂၄ ဦးတို့ထက် အဆမတန် ပိုမိုများပြားနေတာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မိုင်းဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်လာသလို ချင်းပြည်နယ်ဟာလည်း အဲဒီဒဏ်ကို အပြင်းအထန် ခံနေရတဲ့ ရှေ့တန်းက ဒေသတစ်ခု ဖြစ်နေပါတယ်။

ကမ္ဘာတစ်ဝန်းမှာ မိုင်းကြောင့် ထိခိုက်သူတွေရဲ့ ၉၀% ဟာ အရပ်သားတွေ ဖြစ်ပြီး အဲဒီအထဲက ၄၆% ဟာ ကလေးသူငယ်တွေ ဖြစ်နေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြပါတယ်။

ချင်းပြည်နယ်အတွင်းက လက်တွေ့မြေပြင်အခြေအနေကို ကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် ပလက်ဝတိုက်ပွဲတွေကစလို့ မိုင်းအန္တရာယ်ကို ကြုံတွေ့ခဲ့ရပေမယ့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ ပျံ့နှံ့လာခဲ့တာပါ။ မင်းတပ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) က သိမ်းပိုက်ပြီးနောက် တစ်လအတွင်းမှာတင် မိုင်းအလုံးပေါင်း ၂၀၀ ကျော် ရှင်းလင်းခဲ့ရပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။  

 သို့သော်လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ မင်းတပ်မြို့ပေါ်မှာ ၂၇၄ တပ်ရင်းအနီး၊ မင်းတပ်-မတူပီလမ်း ၁ မိုင်နဲ့ ၂ မိုင် ပတ်ဝန်းကျင်၊ မြို့အဝင် ပန်းခြံနားတစ်ဝိုက်တွေမှာ အခုထက်ထိ မိုင်းထိမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မတူပီမြို့မှာလည်း မြို့တွင်း လူနေရပ်ကွက်တွေကို ရှင်းလင်းပြီးပေမယ့် စစ်ကော်မရှင်ရဲ့ တပ်စခန်းဟောင်းတွေနဲ့ အနီးတစ်ဝိုက်မှာတော့ မိုင်းတွေ ၁၀၀ ရာခိုင်နှုန်း မရှင်းလင်းနိုင်သေးတဲ့အတွက် ဒေသခံတွေ သတိထားနေရဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ (ICBL) ရဲ့ ၂၀၂၅ ခုနှစ် Landmine Monitor အစီရင်ခံစာအရ မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၁၁ ခု (နိုင်ငံတစ်ဝန်းရဲ့ ၆၄ ရာခိုင်နှုန်း) ဟာ မိုင်းအန္တရာယ်ရှိတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

အဲဒီမြို့နယ်စာရင်းထဲမှာ ချင်းပြည်နယ်က Mine Free Myanmar နဲ့ MIMU တို့ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ နောက်ဆုံးရရှိထားတဲ့ မြေပုံအချက်အလက်တွေအရ ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ မြို့နယ်အများစုဟာ မိုင်းအန္တရာယ် (Landmine Contamination) ရှိနေတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ စစ်ကော်မရှင်ဟာ မြေမြှုပ်မိုင်းတွေကို ဆက်သွယ်ရေးတာဝါတိုင်တွေ၊ စစ်ကော်မရှင်စခန်းဟောင်းတွေနဲ့ အရပ်သားတွေအသုံးပြုတဲ့ အခြေခံအဆောက်အအုံတွေနားမှာ ထောင်ထားလေ့ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Mine Free Myanmar ရဲ့ ၂၀၂၅ ဩဂုတ်လထုတ် မှတ်တမ်းတွေအရ ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်တပ်တွေဆီကနေ MM1, MM2, MM5 နဲ့ MM6 မိုင်းအမျိုးအစားတွေကို တော်လှန်ရေးအင်အားစုတွေက လစဉ် သိမ်းဆည်းရမိနေတာဟာ အဆိုပါ မြို့နယ်တွေမှာ မိုင်းအန္တရာယ် ဘယ်လောက်အထိ ပြန့်နှံ့နေသလဲဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။

ဖလမ်းမြို့မှာ အခြေစိုက်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရင်းတွေနဲ့ အစိုးရရုံးဟောင်းတွေ၊ အထူးသဖြင့် ဆက်သွယ်ရေး တာဝါတိုင်တွေအနီးမှာ မိုင်းတွေကို စနစ်တကျ ထောင်ထားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ကန်ပက်လက်ဒေသမှာလည်း တောတောင်ထူထပ်ပြီး တောင်ယာလုပ်ငန်းကို အဓိကထားရတဲ့အတွက် တောလမ်းတွေနဲ့ စစ်ကော်မရှင်စခန်းဟောင်းတွေနားမှာ ကျန်ရစ်ခဲ့တဲ့ မိုင်းတွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မရွေး ခြိမ်းခြောက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ပြီးခဲ့တဲ့နှစ် မှတ်တမ်းများအရ စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ၄ နှစ်ဝန်းကျင်ကာလအတွင်း ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၃၇ ဦးရှိပြီး၊ ၆၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဤထိခိုက်သေဆုံးမှုများအနက် ၂၀၂၃ ခုနှစ်သည် ချင်းပြည်နယ်အတွက် မိုင်းအန္တရာယ် အဆိုးရွားဆုံးနှစ်ဖြစ်ခဲ့ပြီး၊ တစ်နှစ်တည်းမှာပင် သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆ ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

 ထို့အပြင် စစ်ကော်မရှင်တပ်များသည် အရပ်သားများကို မိုင်းကွင်းအတွင်း လမ်းပြအဖြစ်နှင့် မိုင်းရှင်းလင်းရန် အတင်းအဓမ္မ ခိုင်းစေသည့် “လူသားဒိုင်း” ဖြစ်စဉ်များကိုလည်း ချင်းပြည်နယ်အတွင်း တွေ့ရှိရကြောင်း မှတ်တမ်းတင်ထားပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ မိုင်းတွေကို စစ်ရေးအရသာမက အရပ်သားတွေရဲ့ လူနေမှုဘဝကိုပါ ခြိမ်းခြောက်နိုင်တဲ့ နေရာတွေမှာပါ ထောင်ထားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများလို ဘာသာရေးနဲ့ ပညာရေး အဆောက်အအုံတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်များ၊ တံတားများ၊ လှေဆိပ်များ၊ စိုက်ပျိုးရေးခင်းများ၊ နေအိမ်များနှင့် စစ်ရှောင်စခန်းများမှာပါ မိုင်းထောင်ထားတာကို မှတ်တမ်းယူထားပါတယ်။

 မြန်မာစစ်တပ်ဟာ အရပ်သားများကို မိုင်းကွင်းအတွင်း လမ်းပြအဖြစ်နဲ့ မိုင်းရှင်းလင်းဖို့ အတင်းအဓမ္မ ခိုင်းစေတဲ့ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေ ရှိနေကြောင်းလည်း နိုင်ငံတကာ အစီရင်ခံစာတွေမှာ သက်သေအထောက်အထားတွေ တွေ့ရှိထားပါတယ်။ မြေမြှုပ်မိုင်းရဲ့ အဆိုးရွားဆုံး အချက်ကတော့ အသုံးပြုသူတွေ ကိုယ်တိုင် ဘယ်နေရာမှာ ထောင်ထားမှန်း မမှတ်မိတော့တာ ဖြစ်သလို၊ မိုင်းဟာ သက်တမ်းကုန်ဆုံးရက် (Shelf life) ဆိုတာ မရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာ တစ်သက်လုံး ရှိနေနိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ သာဓကအရ ပြည်တွင်းစစ်ပြီးတာ ဆယ်စုနှစ် ၄ ခုကျော်နေပေမယ့် အခုထက်ထိ မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၆၅,၀၀၀ ကျော်ရှိနေပြီး မိုင်းရှင်းလင်းရေးအတွက် နှစ်စဉ် ဒေါ်လာသန်းချီ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့အခြေအနေကို ကြည့်မယ်ဆိုရင်လည်း အကူအညီတွေ လျော့နည်းလာမှုက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။ မိုင်းဒဏ်ခံရသူတွေကို ကူညီပေးတဲ့ ရန်ပုံငွေဟာ ၂၀၂၄ ခုနှစ်ကစပြီး ၂၃% ခန့် လျော့ကျသွားခဲ့ပြီး၊ အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး အလှူရှင်ဖြစ်တဲ့ အမေရိကန်နိုင်ငံက နိုင်ငံခြားအကူအညီတွေကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ဆိုင်းငံ့လိုက်တာကလည်း မြန်မာနိုင်ငံလို ဒေသတွေအတွက် ကူညီမှုတွေ ရရှိဖို့ ပိုမိုခက်ခဲသွားစေပါတယ်။

တစ်ဖက်မှာလည်း မိုင်းပိတ်ပင်ရေးစာချုပ် (Mine Ban Treaty) မှာ အဖွဲ့ဝင် ၁၆၆ နိုင်ငံအထိ ရှိလာပေမယ့် Estonia, Finland, Latvia, Lithuania နဲ့ Poland စတဲ့ နိုင်ငံ ၅ ခုက စာချုပ်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေကြတာကလည်း ကမ္ဘာ့မိုင်းတားဆီးရေး လုပ်ငန်းစဉ်အပေါ် လှုပ်ခတ်မှုတွေ ဖြစ်လာစေပါတယ်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်သည့် နိုင်ငံတကာစာချုပ် (Mine Ban Treaty) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးဘဲ၊ စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များသည် နင်းမိုင်း၊ တိုက်မိုင်း၊ အတွဲလိုက်မိုင်းနှင့် ဆွဲမိုင်း အပါအဝင် မိုင်းအမျိုးအစား အနည်းဆုံး ၅ မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Human Rights Watch (HRW) က အတိအလင်း ဖော်ပြထားပါတယ်။

ထို့အပြင် စစ်ကော်မရှင်တပ်များသည် မိုင်းများကို စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ စိုက်ပျိုးရေးခင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များကဲ့သို့သော အရပ်သားများနှင့် သက်ဆိုင်သည့် နေရာများတွင် ထောင်ထားလေ့ရှိကြောင်း Human Rights Watch ၏ မှတ်တမ်းများက ဆိုပါတယ်။

 နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများကို တက်ကြွစွာ ဆက်လက်ထုတ်လုပ်နေသည့် ကမ္ဘာ့နိုင်ငံ ၄ ခုစာရင်းတွင် ပါဝင်နေပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် မြေမြှုပ်မိုင်းများကို တက်ကြွစွာ ဆက်လက်ထုတ်လုပ်နေသည့် (Actively producing) နိုင်ငံများ ဖြစ်ကြောင်း အစီရင်ခံစာ၏ အဓိက တွေ့ရှိချက်များ (Major Findings) တွင် ဖော်ပြထားပါတယ်။

စစ်ကော်မရှင်သည် အရပ်သားများကို မိုင်းကွင်းအတွင်း လမ်းပြအဖြစ်နှင့် မိုင်းရှင်းလင်းရန် အတင်းအဓမ္မ ခိုင်းစေသည့် “လူသားဒိုင်း” အဖြစ် အသုံးပြုလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်စုစုပေါင်း၏ ၆၄% ဖြစ်သော မြို့နယ်ပေါင်း ၂၁၁ ခုမှာ မိုင်းအန္တရာယ်ရှိသည့် နယ်မြေများအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

မြေမြှုပ်မိုင်းပြဿနာက ခဏတဖြုတ်နဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘဲ ဆယ်စုနှစ်နဲ့ချီပြီး ကြာရှည်နိုင်တဲ့ ရေရှည်ပြဿနာကြီးတစ်ခု ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဒေသခံအဖွဲ့အစည်း တချို့တစ်လေတည်းနဲ့တင် ရှင်းလင်းဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲတဲ့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှု၊ အဆင့်မြင့်နည်းပညာတွေနဲ့ ရေရှည်ရန်ပုံငွေ ထောက်ပံ့မှုတွေက တကယ့်ကို အရေးကြီးပါတယ်။ နိုင်ငံတကာက ဥပမာတစ်ခုအနေနဲ့ကြည့်ရင် ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်တွင်းစစ်ပြီးသွားတာ အနှစ် ၄၀ ကျော်နေပြီ ဖြစ်ပေမယ့်၊ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး နိုင်ငံတကာက နည်းပညာတွေနဲ့ ဝိုင်းဝန်းရှင်းလင်းနေတဲ့တိုင်အောင် အခုထိ မိုင်းအန္တရာယ်ကနေ အကုန်အစင် မလွတ်မြောက်နိုင်သေးပါဘူး။ ဒါကြောင့်မို့လို့ ချင်းပြည်နယ်အတွင်းက မြို့သိမ်းတိုက်ပွဲတွေအပြီး ကျန်ခဲ့တဲ့ မိုင်းအန္တရာယ်တွေကို ဖြေရှင်းဖို့ဆိုရင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိုင်းရှင်းလင်းရေးအဖွဲ့တွေရဲ့ တိုက်ရိုက်ကူညီမှုနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိဖို့က အနာဂတ် ပြန်လည်ထူထောင်ရေးအတွက် မရှိမဖြစ် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့ လွတ်မြောက်နယ်မြေတွေမှာ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တရားဝင်အစိုးရအချင်းချင်း ဆက်ဆံရေးမျိုးမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ နည်းပညာပံ့ပိုးမှု အဆင့်မှာသာ ရှိနေပါသေးတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGOs) တွေဟာ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လမ်းကြောင်းတွေကတစ်ဆင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး မိုင်းအန္တရာယ် အသိပညာပေးခြင်း (MRE) နဲ့ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေကို ကန့်သတ်ချက်များစွာကြားက ဆောင်ရွက်နေရပါတယ်။ သို့သော်လည်း လက်တွေ့ကျတဲ့ မိုင်းရှင်းလင်းရေး (Mine Clearance) လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်ကိရိယာနဲ့ ရန်ပုံငွေ အလုံးအရင်း ထောက်ပံ့မှုတွေမှာတော့ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် သိသာထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ မရှိသလောက်လို့ဆိုရပါမယ်။

မြေမြှုပ်မိုင်းပြဿနာဟာ ချင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်ခြိမ်းခြောက်နေတဲ့အပြင် အနာဂတ် ပြန်လည်ထူထောင်ရေးအတွက်လည်း အဓိက အဟန့်အတားဖြစ်နေတာကြောင့် ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ဆိုရင် အဖွဲ့အစည်းတချို့ရဲ့ ကြိုးပမ်းမှုအပြင် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာရဲ့ တိုက်ရိုက်ပူးပေါင်းပါဝင်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အာမခံချက်ရှိတဲ့ ပံ့ပိုးမှုတွေ ရရှိဖို့က အဓိက လိုအပ်လာမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *