
ဖေဖော်၀ါရီလ ၂ ရက်။
အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေရဲ့ ရထားလမ်းကွန်ရက်ကို အဆင့်မြှင့်တင်ဖို့အတွက် ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာ ရူပီး ၁၁,၄၈၆ ကုဋေကို လျာထားလိုက်ပြီး အဆိုပါ ပမာဏဟာ မြန်မာနယ်စပ်ဒေသတစ်လျှောက် ရထားလမ်းတွေအတွက် သမိုင်းတစ်လျှောက် အများဆုံး ချထားပေးတဲ့ ဘတ်ဂျက်ပမာဏ ဖြစ်တယ်လို့ Northeast Today သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖော်ပြပါတယ်။
အိန္ဒိယဗဟိုအစိုးရဟာ မြန်မာနိုင်ငံရဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့နဲ့ တိုက်ရိုက်ထိစပ်နေတဲ့ Manipur၊ Mizoram နဲ့ Nagaland ပြည်နယ်တွေအပါအဝင် အရှေ့မြောက်ပိုင်း ဒေသတစ်ခွင်မှာ စုစုပေါင်း ရူပီး ၇၂,၄၆၈ ကုဋေ တန်ဖိုးရှိတဲ့ ရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။
အထူးသဖြင့် Manipur ပြည်နယ်အတွင်းက နယ်စပ်အနီး ရထားလမ်းလုပ်ငန်းတွေကို ပြန်လည်စတင်နေပြီဖြစ်သလို၊ Mizoram ပြည်နယ်မှာလည်း Sairang ကနေ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်လုပ်နိုင်ဖို့အတွက် ကွင်းဆင်းတိုင်းတာမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် Nagaland နဲ့ Sikkim ပြည်နယ်တွေမှာလည်း ရထားလမ်းစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး၊ အိန္ဒိယ-ဘူတန် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးအတွက် ၆၉ ကီလိုမီတာရှည်တဲ့ ရထားလမ်းသစ်ဖောက်ဖို့ပါ စီစဉ်နေတာကြောင့် ဒီလုပ်ငန်းတွေဟာ မြန်မာနယ်စပ်ဒေသရဲ့ ဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးအလားအလာတွေအပေါ် တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဝန်ကြီးချုပ် Narendra Modi က Assam ပြည်နယ်အတွင်းမှာ Vande Bharat Sleeper နဲ့ Amrit Bharat Express ဆိုတဲ့ အဆင့်မြင့်ရထားခရီးစဉ်အသစ်တွေကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ Varanasi ကနေ Guwahati အထိ ကျည်ဆန်ရထား (Bullet Train) ပြေးဆွဲဖို့ပါ အဆိုပြုထားပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး မြန်မာနယ်စပ်ဒေသအနီးတစ်ဝိုက်မှာ ရထားလမ်းအသစ် ကီလိုမီတာ ၁,၉၀၀ နီးပါးကို တိုးချဲ့ခင်းနိုင်ခဲ့ပါတယ်။ Northeast ပြည်နယ် ၅ ခုမှာ လျှပ်စစ်ရထားလမ်းစနစ်ကို အပြည့်အဝ အသုံးပြုနိုင်ပြီဖြစ်သလို၊ ရထားလမ်းပေါ်မှာ ဆင်တွေ တိုက်မိတာမျိုး မဖြစ်အောင် AI နည်းပညာသုံး ကင်မရာစနစ်တွေကိုပါ တပ်ဆင်ထားပါတယ်။
အိန္ဒိယအစိုးရရဲ့ အခုလို ဘတ်ဂျက်အမြောက်အများ သုံးစွဲမှုဟာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေမယ့် “အရှေ့မျှော်ဝါဒ (Act East Policy)” ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ Northeast Today သတင်းဌာနက ဖော်ပြပါတယ်။

