
ရေး – DonBosco
မီဇိုရမ်ပြည်နယ်အတွင်းက အင်အားကြီးအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု တွေ ရှိနေပေမဲ့ အိန္ဒိယဗဟိုအစိုးရကတော့ နယ်စပ်ခြံစည်းရိုးခတ်မယ့် စီမံကိန်းအတွက် မြေပြင်ကွင်း ဆင်းတိုင်းတာမှုတွေကို လက်တွေ့စတင်နေပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ်စပ်၊ တီအိုချောင်းအနီးမှာရှိတဲ့ Thingsai ကျေးရွာဝန်းကျင်ကို အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်လမ်းအဖွဲ့အစည်း (BRO) နဲ့ Assam Rifles အဖွဲ့တွေက ၅ ရက်ကြာ ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်ခဲ့တာပါ။
အခုလို မြေပြင်မှာ လက်တွေ့တိုင်းတာမှုတွေ လုပ်ဆောင်နေချိန်မှာပဲ မီဇိုရမ်ပြည်နယ်ရဲ့ အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်တွေကတော့ နယူးဒေလီအထိ သွားရောက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီးဌာနကို ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့က CYMA ဥက္ကဋ္ဌ Pu R.Lalngheta၊ ဒုဥက္ကဋ္ဌ Prof. Lalnuntluanga၊ အတွင်းရေးမှူး Prof. Malsawmliana နဲ့ ဘဏ္ဍာရေးမှူး H Duhkima တို့ဟာ ဗဟိုပြည်ထဲရေးအတွင်းရေးမှူး Govind Mohan နဲ့ တွေ့ဆုံကာ နယ်စပ်ခြံစည်းရိုးခတ်တာဟာ ချင်း (ဇို) မျိုးနွယ်စု ညီအစ်ကိုတွေရဲ့ သွေးစည်းညီညွတ်မှုကို ထိခိုက်စေနိုင်သလို၊ အရင်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးခတ်တုန်းကလည်း မီဇိုရမ်ဘက်က နယ်မြေအမြောက်အများ ဆုံးရှုံးခဲ့ရတဲ့ သာဓကရှိတာကြောင့် ဒါကို လက်မခံနိုင်ကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။
မီဇိုရမ်ဘက်မှာ ဒီလိုကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင် ရှိနေပေမဲ့ တစ်ဖက်က ချင်းပြည်နယ်ဘက်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အသံထွက်တာမျိုး မရှိသလောက် နည်းပါးနေပါတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အုပ်ချုပ်ရေးယန္တရားအရ အစိုးရချင်း တရားဝင် ဝင်ရောက် ညှိနှိုင်းဖို့ အခြေအနေမပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ နယ်စပ်ခြံစည်းရိုးကိစ္စဟာ တစ်ဖက်သတ် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘဲ နယ်စပ်တစ်လျှောက် နေထိုင်ကြတဲ့ မျိုးနွယ်စုတွေရဲ့ အနာဂတ်အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်ဘက်မှာတော့ ခြံစည်းရိုးခတ်တာကို ဗဟိုအစိုးရက လက်တွေ့အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်အပိုင်းမှာတော့ ဗဟိုအစိုးရရဲ့ ခြံစည်းရိုးခတ်မယ့် စီမံကိန်းကို ပြည်နယ်အစိုးရကိုယ်တိုင်က အပြည့်အဝထောက်ခံပြီး လက်တွေ့အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
The Economic Times, Reuters, နဲ့ The Hindu မီီယာတွေရဲ့ ဖော်ပြချက်အရ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက် ၁,၆၄၃ ကီလိုမီတာလုံးကို ခြံစည်းရိုးခတ်ဖို့နဲ့ လမ်းဖောက်လုပ်ဖို့အတွက် ရူပီး ၃၁,၀၀၀ ကုဋေခန့် (အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံခန့်) အသုံးပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ မဏိပူရ်ပြည်နယ်အတွင်းမှာတော့ နယ်စပ် ၃၉၀ ကီလိုမီတာခန့်ရှိတဲ့အထဲက လက်ရှိမှာ ၁၀ ကီလိုမီတာခန့်ကို ခြံစည်းရိုးခတ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းဟာ တရားမဝင် ဝင်ရောက်မှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုတွေကို တားဆီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ ယုံကြည်နေတာကြောင့် ဗဟိုအစိုးရထံ ရန်ပုံငွေတွေ အမြန်ဆုံးချပေးဖို့ပါ အစဉ်တစိုက် တိုက်တွန်းနေတာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မျိုးနွယ်စုချင်း သွေးကွဲမှာကို စိုးရိမ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်နေပေမဲ့ မဏိပူရ်ပြည်နယ်မှာတော့ အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်နေပါတယ်။ မဏိပူရ်ရှိ Meitei လူမျိုးစုတွေနဲ့ ပြည်နယ်အစိုးရကတော့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေကြောင့် ပြည်နယ်တွင်း လူဦးရေအချိုးအစား ပျက်ယွင်းလာမှာကို အဓိက စိုးရိမ်နေကြတာပါ။
ဒါ့အပြင် ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လူမျိုးစုပဋိပက္ခတွေနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့အတွက် နယ်စပ်ကို အမြန်ဆုံး ပိတ်ဆို့လိုနေကြပါတယ်။ ဒီလို ပြည်နယ်နှစ်ခုကြားက မတူညီတဲ့ သဘောထားတွေကြောင့် အိန္ဒိယဗဟိုအစိုးရအတွက် နယ်စပ်မူဝါဒ ချမှတ်ရာမှာ အားပြိုင်မှုတွေ ပိုမိုပြင်းထန်လာစေပါတယ်။
မီဇိုရမ်ပြည်နယ်သားတွေအနေနဲ့ နယ်စပ်ခြံစည်းရိုးခတ်တာကို သမိုင်းအစဉ်အဆက် အပြင်းအထန် ကန့်ကွက်ရတာဟာ သူတို့ရဲ့ မျိုးနွယ်စုချင်း သွေးစည်းညီညွတ်မှုအပေါ် အခြေခံနေပါတယ်။ မီဇိုရမ်ဘက်က “မီဇို” တွေနဲ့ မြန်မာဘက်က “ချင်း (ဇို)” တွေဟာ သမိုင်းကြောင်းအရ မျိုးနွယ်စုတစ်ခုတည်း ဖြစ်ကြပြီး၊ လက်ရှိနယ်စပ်မျဉ်းဟာ အင်္ဂလိပ်နယ်ချဲ့လက်ထက်က သူတို့ရဲ့ အုပ်ချုပ်ရေးအတွက်သာ တစ်ဖက်သတ် သတ်မှတ်ခဲ့တာလို့ ဒေသခံတွေက အခိုင်အမာယုံကြည်ကြပါတယ်။
ခြံစည်းရိုးခတ်လိုက်ခြင်းဟာ နယ်စပ်ဟိုဘက်ဒီဘက်မှာရှိတဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ လူမှုရေးနဲ့ မျိုးနွယ်စု ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်တာဖြစ်သလို၊ လွတ်လပ်စွာ သွားလာခွင့် (FMR) ဆုံးရှုံးသွားမှာကလည်း ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ ကုန်သွယ်ရေးအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဒီကန့်ကွက်မှုတွေမှာ မီဇိုရမ်ပြည်နယ်ရဲ့ သြဇာအရှိဆုံး အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း (CYMA)၊ ကျောင်းသားအဖွဲ့အစည်း (MZP) နဲ့ ဇိုမျိုးနွယ်စု ပြန်လည်ပေါင်းစည်းရေးအဖွဲ့ (ZORO) တို့က ရှေ့တန်းကနေ တစိုက်မတ်မတ် ဦးဆောင်နေကြတာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်လွှတ်တော်မှာလည်း ၂၀၂၄ ခုနှစ်အတွင်းက နယ်စပ်ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အဆိုကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသလို၊ လက်ရှိအာဏာရ ZPM အစိုးရနဲ့ အတိုက်အခံ MNF ပါတီတို့ဟာလည်း ဒီကိစ္စမှာ လူမျိုးရေးအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး တစ်သံတည်း ထွက်နေကြပါတယ်။
အထူးသဖြင့် အရင်က မီဇိုရမ်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးခတ်စဉ်က နယ်မြေအမြောက်အများ ဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် အခု မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်မယ့် အစီအစဉ်ကိုလည်း လုံးဝ လက်မခံနိုင်ဘူးလို့ ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးက ခိုင်ခိုင်မာမာ ရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့ကပဲ မီဇိုရမ်အမတ် K Vanlalvena က Sairang ကနေ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်ဖို့ ၂၀၂၆-၂၇ ဘတ်ဂျက်မှာ ရန်ပုံငွေတောင်းဆိုထားတာကြောင့် အိန္ဒိယအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုပဲ ဦးစားပေးမလား၊ ဒါမှမဟုတ် ခြံစည်းရိုးခတ်ပြီး ပိတ်ဆို့ရေးကိုပဲ အလေးထားမလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အခုအခါမှာ မီဇိုရမ်နယ်စပ်ဘက်မှာပါ Assam Rifles တွေနဲ့ ကွင်းဆင်းတိုင်းတာမှုတွေ စတင်လာတာကြောင့် ဒီအားပြိုင်မှုမှာ ဒေသခံတွေရဲ့ ဆန္ဒနဲ့ ဗဟိုအစိုးရရဲ့ လုံခြုံရေးမူဝါဒ ဘယ်အရာက အနိုင်ရမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အိန္ဒိယဗဟိုအစိုးရက နယ်စပ်ခြံစည်းရိုးခတ်ခြင်းကို တစ်စိုက်မတ်မတ် ဆက်လက်လုပ်ဆောင်လာပါက ပထမဆုံးအနေဖြင့် ဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရကြားတွင် နိုင်ငံရေးအရ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ပါတယ်။ မီဇိုရမ်ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရက တရားဝင်ကန့်ကွက်ထားသည့်ကြားမှ ဗဟိုက အတင်းအကျပ် အကောင်အထည်ဖော်ခြင်းသည် ဖက်ဒရယ်စနစ်အရ ပြည်နယ်၏ လုပ်ပိုင်ခွင့်နှင့် ဆန္ဒကို လျစ်လျူရှုရာရောက်သည်ဟု ရှုမြင်ခံရနိုင်ပြီး၊ ၎င်းသည် ဒေသတွင်း၌ ဗဟိုအစိုးရအပေါ် မလိုလားသည့်စိတ်ဓာတ်များ (Anti-Central sentiment) ကို ပြန်လည်နိုးကြားလာစေနိုင်ပါတယ်။
ဒုတိယအချက်အနေဖြင့် မြေပြင်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေရှိနေပါတယ်။ လက်ရှိတွင် Assam Rifles နှင့် BRO အဖွဲ့များက ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်နေသော်လည်း၊ ခြံစည်းရိုးအမှန်တကယ် စတင်ခတ်လာသည့်အခါတွင် CYMA နှင့် MZP ကဲ့သို့သော အင်အားကြီးအဖွဲ့များက မြေပြင်အထိသွားရောက် တားဆီးမှုများ ပြုလုပ်လာနိုင်ပြီး ၎င်းမှတစ်ဆင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲအနေဖြင့် နယ်စပ်ဖြတ်ကျော် သွားလာမှုနှင့် ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခြင်းကြောင့် နယ်စပ်တစ်လျှောက်ရှိ ဒေသခံများ၏ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်စေမည် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်များအတွက် မီဇိုရမ်ဘက်သို့ ခိုလှုံရန် ပိုမိုခက်ခဲသွားနိုင်ပြီး၊ နယ်စပ်ဟိုဘက်ဒီဘက်ရှိ မျိုးနွယ်စုများကြားတွင် သမိုင်းအစဉ်အဆက် ရှိခဲ့သည့် လူမှုရေးနှင့် ယဉ်ကျေးမှုအရ ဆက်နွှယ်မှုများမှာလည်း ခြံစည်းရိုးကြောင့် ကာလရှည်ကြာစွာ ပြတ်တောက်သွားမည့် အန္တရာယ်ရှိနေပါတယ်။

