
ဖေဖော်ဝါရီလ ၂ ရက်။
၂၀၂၁ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုကြောင့် ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး သေဆုံးသူအများစုဟာ အရပ်သားပြည်သူတွေ၊ ဆန္ဒပြသူတွေ၊ တော်လှန်ရေးတပ်ဖွဲဝင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူတွေဖြစ်တယ်လို ချင်းရေးရာအဖွဲချုပ် (ICA) ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရသိပါတယ်။
အာဏာသိမ်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသူဦးရေ ၁၁၈၃ ဦးတိုဟာ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူ ၄၉၇ ဦး ဖြင့် အများဆုံးဖြစ်ပြီး၊ အသက် ၃၆ နှစ်အထက် ၁၅၄ ဦး၊ အသက် ၁၁ ကနေ ၁၇ နှစ်အတွင်းရှိသူ ၄၈ ဦး၊ အသက် ၁၀ နှစ်အောက်ကလေးငယ် ၃၃ ဦး နဲ့ စစ်ရေးအခြေအနေကြောင့် အသက်အရွယ် မသိရသေးတဲ့ သေဆုံးမှုက ၄၅၁ ဦးအထိ ရှိတယ်လို ICA ရဲ့ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ လူငယ်အရွယ် သေဆုံးမှု အများဆုံးဖြစ်ပြီး အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲဝင်တွေ နှစ်ဖက်စလုံးပါဝင်သူတွေဖြစ်တာကိုလည်း စိစစ်တွေ့ရသလို စစ်ရေးအခြေအနေကြောင့် အသက်အရွယ် အတည်မပြုနိုင်သေးတဲ့ သေဆုံးမှုတွေလည်း အများအပြား ရှိနေတယ်လို ICA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း သေဆုံးခဲ့ရသူ လူဦးရေဟာ စုစုပေါင်း ၅၇၄ ဦးအထိ ရှိနေပြီး ဒီထဲမှာ စစ်ရေးပဋိပက္ခတွေကြား ပိတ်မိ၍လည်းကောင်း၊ စစ်ကော်မရှင်ဖမ်းဆီးသတ်ဖြတ်၍လည်းကောင်း သေဆုံးခဲ့ရတဲ့ အရပ်သား ဦးရေဟာ ၁၆၉ ဦးအထိ ရှိပြီး တိုက်ပွဲအတွင်း ကျဆုံးရတဲ့ တော်လှန်ရေးတပ်ဖွဲဝင်ဟာလည်း ၄၀၅ ဦး အထိ ရှိခဲ့ပြီး ဒီအခြေအနေတွေဟာ စစ်ရေးပဋိပက္ခတွေက အရပ်သားနဲ့ တိုက်ခိုက်ရေးအဖွဲအစည်းကို ခွဲခြားမှုမရှိဘဲ အသက်အန္တရာယ် ဖြစ်စေတာကို ပြသနေတယ်လိုလည်း ICA က ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းလူမျိုးတွေအပေါ် ကြီးမားဆုံး ထိခိုက်မှုဖြစ်စေခဲ့ပြီး အာဏာသိမ်း ၅ နှစ်တာတွေ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို အရပ်သား သေဆုံးမှု ၂၄၆ ဦးနဲ့ တောလှန်ရေးတပ်ဖွဲဝင်ဘက်က ၁၅၄ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ဦးရေဟာလည်း စုစုပေါင်း ၁၁၄၀ ဦးအထိ ရှိလာခဲ့တယ်လို ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းကြောင့်လည်း အရပ်သား ၅၅ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲဝင် ၂၉ ဦး စုစုပေါင်း ၈၄ ဦး အသက်ဆုံးရှုးခဲ့ရပြီး မြေမြှုပ်မိုင်းတွေဟာ တိုက်ပွဲဖြစ်နေစဉ်သာမက တိုက်ပွဲပြီးဆုံးပြီးနောက်ကာလတွေမှာလည်း ချင်းပြည်သူတွေအတွက် အမြဲတမ်း အန္တရာယ်ဖြစ်နေဆဲဖြစ်တယ်လို ဆိုပါတယ်။
ဒါ့ပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ဖမ်းဆီးမှုအတွင်း အကြမ်းဖက်နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တရားမဝင်သတ်ဖြတ်မှုတွေကြောင့် ၃၃ ဦး သေဆုံးခဲ့ရပြီး စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးရာ လမ်းတလျောက် ကျေးရွာနေ ပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ သတ်ဖြတ်ခံရတဲ့ ချင်းပြည်သူ ၁၅ ယောက် ရှိပြီလိုလည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်တာအတွင်း ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရတဲ့ ချင်းလူမျိုး ရွှေ့ပြောင်းနေထိုင်ရသူ တစ်သိန်း ကျော်ရှိပြီး ပြည်ပနိုင်ငံတွေကို ထွက်ပြေးခိုလှုရတဲ့ စစ်ဘေးဒုက္ခသည် ဦးရေဟာလည်း ၆ သောင်းကျော်အထိ တိုးလာတယ်လို ဆိုပါတယ် ဒီလို အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်တွေအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၊ ကုလသမဂ္ဂ၊ အာဆီယံနဲ့ လူ့အခွင့်အရေးအဖွဲအစည်းတွေက အရေးပေါ် အရေးယူစုံစမ်းဆောင်ရွက်ပေးဖိုကိုလည်း ICA က တောင်းဆိုထားပါတယ်။

