
ဖေဖော်၀ါရီလ ၂၀ ရက်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားဆီ ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ချင်းတစ်မျိုးသားလုံးကို အဓိကတိုက်တွန်းချက် ၂ ချက်တိုက်တွန်းထားပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ချင်းအမျိုးသားနေ့အတွက်ပေးပို့တဲ့ဂုဏ်ပြုသ၀ဏ်လွှာရဲ့ ပထမအချက်တိုက်တွန်းချက်အနေဖြင့် ရခိုင်ဒေသတွင်းနဲ့ အိမ်နီးနားချင်း ချင်းလူမျိုးတွေအနေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး ရခိုင်ပြည်တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အတူတကွ ပါဝင်ကြဖို့ ဆိုတဲ့အချက်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အာရက္ခဒေသ၊ အိမ်နီးနားချင်း နဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ချင်းညီအစ်ကိုများအနေနဲ့လည်း မိမိတို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတွေကို တန်ဖိုးထားကာ “ချင်း” နဲ့ “ရက္ခိုင်” လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြဖို့ ဆိုတဲ့ နှစ်ချက်ကိုတိုက်တွန်းထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးအသီးသီးမှာ သက်ဆိုင်ရာ အမျိုးသားနေ့တွေ ကိုယ်စီရှိကြပြီး အဲဒီနေ့တွေမှာ အမျိုးသားနေ့ဆိုင်ရာ ပွဲတော်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပလေ့ရှိကြတယ်လို့ သဝဏ်လွှာမှာ အစချီထားပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက မိမိတို့ လူမျိုးအသီးသီးရဲ့ အမျိုးသားနေ့ပွဲတော်တွေကို စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ အနှစ်သာရပြည့်ဝစွာ ကျင်းပခွင့် ကင်းမဲ့ခဲ့ကြရပေမယ့် အခုအခါမှာတော့ အာရက္ခဒေသအတွင်းက မြို့အများစုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ အာရက္ခဒေသအတွင်း နေထိုင်ကြတဲ့ လူမျိုးအသီးသီးဟာ မိမိတို့ရဲ့ အမျိုးသားနေ့ အခမ်းအနားတွေကို ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခွင့်ရရှိနေပြီလို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိမိတို့ဒေသအတွင်း နေထိုင်ကြတဲ့ လူမျိုးအသီးသီးရဲ့ စာပေ၊ ရိုးရာ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကား၊ အမျိုးသားရေးဆိုင်ရာ လက္ခဏာရပ်တွေအပေါ် တန်ဖိုးထားပြီး လူမျိုးအသီးသီးရဲ့ အမျိုးသားနေ့ဆိုင်ရာပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေကို စစ်ဘက်ဆိုင်ရာ လုံခြုံရေး အခြေအနေတွေအပေါ် မူတည်ပြီး ကျင်းပခွင့်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။
အာရက္ခဒေသအတွင်းနဲ့ အပြင်ဘက်မှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေအပါအဝင် တခြားသော မျိုးနွယ်စု၊ လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒေသတစ်ခုတည်းမှာ အတူတကွ ရည်မှန်းချက်တူ နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ “အာရက္ခညီအစ်ကို မောင်နှမချင်းများ” နဲ့ “အိမ်နီးနားချင်း ညီအစ်ကိုမောင်နှမများ” ပင် ဖြစ်ပေမယ့် အဆက်ဆက်သော စစ်အာဏာရှင်တွေရဲ့ စနစ်တကျ သွေးခွဲအုပ်ချုပ်မှုကြောင့် အိမ်နီးနားချင်း အတူယှဉ်တွဲ နေထိုင်ခဲ့ကြပေမယ့် ညီအစ်ကို မောင်နှမ စိတ်ဓာတ်တွေ ပျောက်ကွယ်ခဲ့ရပြီး လူမျိုးနှစ်ခုအကြား နှစ်ဖက်ဆက်ဆံရေး အေးခဲကာ ရန်သူသဖွယ် ဖြစ်ခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဆင်ရေး ဂယက်တွေ၊ အောင်မြင်မှု အသီးအပွင့်တွေဟာ အာရက္ခဒေသ အတွင်း၊ အပြင်နဲ့ အိမ်နီးနားချင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ အသီးသီးတို့ အနေနဲ့ စစ်အာဏာရှင်စနစ် အရိပ်အောက်က လွတ်မြောက်မှုနဲ့အတူ လွတ်လပ်တဲ့ဒေသ၊ လွတ်လပ်တဲ့ လူမျိုးများအဖြစ်ကို ရောက်ရှိလာစေခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေကောင်းဆီ ရောက်ရှိလာစေဖို့ အာရက္ခအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကို မိမိတို့ဟာ အာရက္ခအချုပ်အခြာအာဏာ ကျဆုံးပြီးကတည်းက ယနေ့အချိန်အထိ မဆုတ်မနစ်သော ဇွဲလုံ့လတွေနဲ့ ရပ်မနား ဆက်တိုက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဒီအကျိုးရလဒ်တွေကို သိနားလည်ပြီး လက်ရှိ ရရှိထားတဲ့ လွတ်လပ်မှုတွေ ပြန်လည်မဆုံးရှုံးသွားစေဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိကြတယ်ဆိုတဲ့ အသိတရားတွေနဲ့ အတူတကွ ပူးပေါင်းကာကွယ်ကြရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

