
ဖေဖော်၀ါရီလ ၂၅ ရက်။
မီဇိုအမျိုးသမီးတစ်ယောက်အနေနဲ့ မီဇိုလူမျိုးမဟုတ်သူနဲ့ အိမ်ထောင်ပြုခဲ့ရင် မိမိရဲ့ လူမျိုးစုဝင်အဖြစ် ရပ်တည်ခွင့်နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်သလို၊ သူမရဲ့ သားသမီးတွေပါ အစိုးရက သတ်မှတ်ထားတဲ့ လူမျိုးစုဆိုင်ရာ ခံစားခွင့်များ ရရှိဖို့ အရည်အချင်း ပျက်ပြယ်သွားမယ့် ဥပဒေပြင်ဆင်ချက်ကို အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်လွှတ်တော်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။
ဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးအဖြစ်ပါ တာဝန်ယူထားတဲ့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဒီဥပဒေပြင်ဆင်ချက်ကို လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒါဟာ မီဇိုလူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ခေတ်ကာလနဲ့အညီ ပြုပြင်ပြောင်းလဲဖို့နဲ့ လူမျိုးစုလက္ခဏာကို ပိုမိုခိုင်မာအောင် ထိန်းသိမ်းဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် မီဇိုအမျိုးသမီးတွေ အခြားလူမျိုးနဲ့ လက်ထပ်တဲ့အခါ လူမျိုးစုဆိုင်ရာ ခံစားခွင့်တွေ ဆုံးရှုံးမယ့် ပြဋ္ဌာန်းချက်ဟာ မီဇိုလူမျိုးစုရဲ့ သီးသန့်တည်ရှိမှုနဲ့ ဓလေ့ထုံးတမ်းတွေကို ပိုမိုတင်းကျပ်စွာ ထိန်းသိမ်းကာကွယ်ဖို့အတွက် လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်က လွှတ်တော်မှာ ရှင်းလင်းပြောဆိုပါတယ်။
ဥပဒေနဲ့ တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Lalduhoma က တင်သွင်းခဲ့တဲ့ ဒီဥပဒေအသစ်မှာ မယားအများယူတာ ဒါမှမဟုတ် လင်အများယူတာကို တရားဝင် ပိတ်ပင်လိုက်ပြီး အရင်အိမ်ထောင်က တရားဝင် တည်မြဲနေသရွေ့ ဒုတိယ အိမ်ထောင်ဖက် နောက်တစ်ယောက် ထပ်ယူခွင့် လုံးဝမရှိတော့ဘူးဆိုတဲ့အချက်လည်းပါ၀င်လာပါတယ်။
တစ်ဖက်မှာ မီဇို အမျိုးသမီးတွေရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးကိုလည်း ပိုပြီး အကာအကွယ်ပေးထားတဲ့ အချက်တွေပါ၀င်လာပါတယ်။ အမျိုးသမီးတွေရဲ့ ငွေကြေးဆိုင်ရာ လုံခြုံမှုနဲ့ ပတ်သက်လို့လည်း ‘Sum Chhuah’ လို့ ခေါ်တဲ့ ရိုးရာကွာရှင်းပြတ်စဲမှုတွေ ဖြစ်လာရင် ဇနီးမောင်နှံ နှစ်ယောက်အတူတူ ရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပစ္စည်းဥစ္စာတွေအပေါ် အမျိုးသမီးတွေဘက်က ဆက်ပြီး အခွင့်အရေး ရှိနေစေရမယ်လို့ ပြင်ဆင်ထားတဲ့ အက်ဥပဒေမှာ အာမခံထားပါတယ်။
ဒါ့အပြင် အရင်က ကွာရှင်းခွင့်ရတဲ့ အကြောင်းပြချက်ထဲမှာ ပါဝင်နေတဲ့ “နူနာရောဂါ” ကိုလည်း အခုအခါမှာ ကုသလို့ရတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး ကွာရှင်းဖို့ အကြောင်းပြချက်ထဲကနေ ပယ်ဖျက်လိုက်ပါတယ်။
ဒါ့အပြင် အိမ်ထောင်သစ် ထပ်ထောင်ချင်တဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေးထားတဲ့ တရားဝင် ကွာရှင်းပြတ်စဲကြောင်း လက်မှတ်ကို တင်ပြရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒီပြင်ဆင်ချက်တွေဟာ လင်များ၊ မယားများ စနစ်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ၂၀၂၃ ခုနှစ်၊ Bharatiya Nyaya Sanhita ဥပဒေနဲ့ ကိုက်ညီအောင် ညှိနှိုင်းပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။
ဒီပြင်ဆင်လိုက်တဲ့ ဥပဒေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ ၃ ခုကလွဲလို့ မီဇိုရမ်တစ်ပြည်နယ်လုံးမှာ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် ရိုးရာဓလေ့ထုံးတမ်းတွေအတိုင်း ဆက်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

