
ဖေဖော်ဝါရီလ ၁၇ ရက်။
အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အတင်းအဓမ္မတပ်သားစုဆောင်းခံထားရသူတွေကို ပြန်လွှတ်ပေးမယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့ တာဝန်ရှိသူတွေက ဒေသခံ ဆန္ဒပြပြည်သူတွေကို ပြောထားကြောင်း ဒေသခံတွေက ပြောပါတယ်။
တမူးမြို့နယ်ထဲက အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတချို့မှာ ဒေသခံအမျိုးသားတွေကို ညအချိန်မတော် ဖမ်းဆီးကာ တပ်သားစုဆောင်းရေးလုပ်လာတာတွေ အရမ်းဆိုးရွားလာလို့ တမူးမြို့နယ်ထဲက ကျေးရွာ (၅) ရွာခန့်က ဒေသခံအမျိုးသမီးတွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ၁၆ ရက်နေ့ တို့မှာ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ဒီနေ့တော့ ဆန္ဒမပြဘူး ဒီနေ့က နားတယ် အခု ပြန်လွှတ်ပေးမယ်ပြောလို့ သူတို့ကဘဲ ပြောတယ် ခဏစောင့်ပေးအုန်းလို့ပြောတယ် စောင့်ကြည့်နေတယ် မလွှတ်ပေးရင် မနက်ဖြန် ဆက်ပြီးဆန္ဒပြမယ် အခု ဆန္ဒပြခဲ့တဲ့ ရွာ ၅ လုံးက ဆွဲထားတဲ့သူအကုန်လုံး ပြန်လွှတ်ပေးဖို့တောင်းဆိုထားတာဆိုတော့လေ ဒီနေ့တော့ စောင့်ကြည့်ရအုန်းမယ်” လို့ပြောပါတယ်။
အတင်းအဓမ္မတပ်သားစုဆောင်းခံရတာတွေကြောင့် တမူးမြို့နယ်ထဲက မင်းသမီးကျေးရွာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက လူစုကြပြီး ဇီးဖြူကုန်းကျေးရွာ၊ ရွာသာကျေးရွာ စတဲ့ ကျေးရွာ ၅ ရွာက ဒေသခံအမျိုးသမီးတွေက စုပေါင်း ဆန္ဒပြခဲ့ကြပြီး မနေ့ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာလည်း ဘုက္ကန်ကျေးရွာ မှာ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
တမူးမြို့နယ်အတွင်းရှိ NUG အစိုးရ လက်အောက်ခံ အမှတ် ၁ စစ်ဒေသ ၊ တမူးခရိုင်တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ နဲ့ တပ်ရင်း ၅ တို့က ၎င်းတို့ ထိန်းချုပ်နယ်အတွင်းမှာရှိတဲ့ ဒေသခံအမျိုးသားတွေကို လွန်ခဲ့သည့် ၂ လလောက်ကစလို့ တပ်သားစုဆောင်းတာတွေကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာလို့ ဒေသခံတွေက ဆန္ဒပြခဲ့ကြတာလို့လည်း သိရပါတယ်။

