
ဖေဖော်ဝါရီလ ၁ ရက်။
စစ်အုပ်စု အာဏာသိမ်းခြင်းကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသောနိုင်ငံများစာရင်းဝင် ဖြစ်ခဲ့ ရာကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း ထိပ်တန်းဝင်ဖြစ်လာသလို အာဏာရှင်နိုင်ငံအချို့ရဲ့ အကျိုးစီးပွားအတွက် စိတ်ကြိုက်ချယ်လှယ် အသုံးချခံဘဝသို့ ကျရောက်နေရပြီလို့ စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ထုတ်ပြန်ပါတယ်။
အာဏာသိမ်း ၅ နှစ်တာအတွင်း စစ်အုပ်စုက မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူ (၇,၀၀၀) ကျော်ကို ဖမ်းဆီးနှိပ်စက်ညှမ်းပမ်း ပြီး သတ်ဖြတ်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်ဦးနှင့် လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့လည်း အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးနှင့် အရပ်သားပြည်သူ (၄,၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ့အိုးအိမ် (၁၂၀,၀၀၀) ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကာပြည်သူ သိန်းပေါင်း (၄၀) နီးပါး နေရပ်စွန့်ခွာ ပုန်းရှောင်နေထိုင်နေကြရတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ဆိုပါတယ်။
ယနေ့အထိ နေ့စဉ်ရက်ဆက် စစ်အုပ်စုမှ အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံဖြင့် ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေသော်လည်း ပြည်သူ့ထောက်ပံ့မှုဖြင့် ဆင်နွှဲလျက်ရှိသည့် ခုခံတော်လှန် တိုက်ပွဲများ ပိုမိုအားကောင်းလာနေသည်မှာ ပြည်သူတရပ်လုံး၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ရေးသံန္နိဋ္ဌာန် မည်မျှပြင်းပြကြောင်း အထင်းသားပေါ်လွင်နေပြီး
ပြည်သူ့တော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးရှုံးဆုံးခဲ့ရသော ပြည်သူအပေါင်းနှင့် ထပ်တူထပ်မျှ နာကြည်း ဝမ်းနည်းရသလို မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြကုန်သော ရဲဘော် နှင့် ပြည်သူအားလုံးကို လေးစားဦးညွတ်ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် နိုင်ငံရေးထွက်ပေါက် ရလိုရငြား နှစ်ရှည်လများ ကြိုတင်ပြင်ဆင်ပြီး ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရှာကာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက် ပွဲစံချိန်စံညွှန်းများ မပြည့်မှီသည့် အတုယောင်ရွေးကောက်ပွဲမှာလည်း စစ်အုပ်စု၏ အကြပ်ကိုင်ခြိမ်းခြောက်ခံ နီးရာဓါးကြောက်နေရသည့် လူနည်းစုကလွဲ၍ သန်းပေါင်းများစွာသော ပြည်သူအများစုက သပိတ်မှောက်ကာ မဲပေးခြင်းမပြုခဲ့သည်မှာလည်း ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦးက ဆိုပါတယ်။
CNF/ CNA အနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းပြည်နယ်နိမိတ် စုစည်းကာကွယ်ရေးအတွက် ချင်းပြည်သူတွေ ချင်းတော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တစိုက်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်ပြီး ရည်မှန်းချက်တူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် လည်းလက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ထုတ်ပြန်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်အကြောင်းပြချက်နဲ့ NLD အစိုးရကိုဖြုတ်ချကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်မှအာဏာသိမ်းတာ ၅ နှစ်ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။

