Headlines

စစ်ကိုင်းတိုင်းက ဗိုလ်နဂါး စစ်ကောင်စီထံလက်နက်ချ၊ရာဇဝတ်မှု ၇ ခုကျူးလွန်မှုဖြင့် ဗိုလ်နဂါးအဖွဲ့ကို အင်အားသုံးဖမ်းဆီးရခြင်းဖြစ်ကြောင်း NUG ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၈ ရက်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးနှင့် အဖွဲ့ဝင်အချို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ အရေးပေါ်ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်အရ BNRA ခေါင်းဆောင်နှင့် အဖွဲ့ဝင်အချို့သည် ဒေသတွင်း၌ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုနှင့် တော်လှန်ရေးရဲဘော်များအပေါ် နှိပ်စက်ညှဉ်းပန်းမှု အစရှိသည့် ရာဇဝတ်မှု ခုနစ်ခုကို ကျူးလွန်ခဲ့ကြောင်း တိုင်ကြားချက်များ ရရှိထားကာ၊အဆိုပါ အမှုများထဲတွင် မသီတာဟု အမည်ရသူအား မုဒိမ်းကျင့်ရန် ကြံစည်မှု၊ သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်မှု၊ အမျိုးသမီးငယ် နှစ်ဦးအား သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်း၊ ပကဖ ရဲဘော် ၁၀ ဦးကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃) နှင့် (၄) မှ ရဲဘော်များကို သတ်ဖြတ်ခြင်း၊ ဥယျာဉ်ပုစပ်မြေတွင် ဆင်မယိုးအိမ်အား သတ်ဖြတ်ခုတ်ထစ် မီးရှို့မှု၊ NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများကို ရိုက်နှက်ဖမ်းဆီး၊ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများ ပါဝင်ကြောင်း NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကနဦးတွင် အဆိုပါ ကျူးလွန်သူများကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးရန် NUG ဘက်က အကြောင်းကြား ညှိနှိုင်းခဲ့သော်လည်း BNRA ဘက်မှ ငြင်းဆန်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အကူအညီဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ဝင်ရောက်ဖမ်းဆီးစဉ် BNRA အဖွဲ့ဝင်အချို့က အသာတကြည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ပြန်လည်ခုခံခဲ့သဖြင့် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီးနောက် BNRA အဖွဲ့ဝင် ရဲဘော်အချို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ထိုသို့ စစ်ဆင်ရေးဆောင်ရွက်နေစဉ်ကာလအတွင်း BNRA အဖွဲ့ဝင် ၁၅၀ ဦးခန့်သည်လည်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံသို့ ချိတ်ဆက်ကာ လက်နက်များအပ်နှံပြီး လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ NUG ကထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါး နှင့် ၎င်း၏ မိသားစုဝင်များဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို အလင်းဝင်ရောက်လာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်စခန်းငယ်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်က တပ်တွေက တိုက်ခိုက်နေတယ်လို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးကသတင်းမီဒီယာဆီမှာ ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *