Headlines

ချင်းပြည်နယ်အပါအဝင် နိုင်ငံအတွင်းမှာ နိုင်ငံ ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

ဖေဖော်ဝါရီလ ၂၀ ရက်။

ချင်းပြည်နယ်ရဲ့ နေရာဒေသတချို့အပါအဝင် နိုင်ငံအတွင်းမှာ ဆူပူအကြမ်းဖက်မှု၊ တရားဥပဒေသကို ဖောက်ပျက်ကျူးလွန်တာတွေနဲ့ နိုင်ငံကို ပြိုကွဲပျက်စီးစေမယ့် အဖျက်လုပ်ရပ်များစွာရှိနေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအကြား နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာတဲ့ သံယောဇဉ်နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ပြည်တွင်း၊ ပြည်ပ အဖျက်အင်အားစုတွေက အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေး ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒ သွက်သွင်းနေမှုတို့ဖြင့် ဖြိုခွဲဖျက်ဆီးနေတာကိုလည်း သတိပြုကာကွယ်ဖို့ တိုက်တွန်းတယ်လို့ ချင်းအမျိုးသားနေ့သဝဏ်လွှာမှာဖော်ပြထားတာတွေ့ရပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ မဲမသမာမှု ရလဒ်ပယ်ဖျက်ခံရတဲ့အပေါ် အမှန်ကို အမှန်တိုင်း သုံးသပ်ရှုမြင်မှု မရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်တဲ့ ဆန္ဒကြောင့် သွေးထိုးလှု့ံ့ဆော်မှုတွေ စတင်ခဲ့တာလို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကလည်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေကို အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့် အာဏာချဲ့ထွင် လုပ်ဆောင်ခဲ့တာတွေကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီးက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူတွေ ဆင်းရဲဒုက္ခကြုံတွေ့နေရတာ လို့လည်း သဝဏ်လွှာမှာ တွေ့ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေ အားလုံးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စိတ်တူကိုယ်တူ စည်းလုံးစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြ လို့ ကမ္ဘာ့အလယ်မှာ ခံ့ညားထည်ဝါသိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *