
ဖေဖော်ဝါရီလ ၂ ရက်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်နည်းဆုံးပြည်နယ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း အောင်ချက်မြင့်မားရေးထက် မသမာမှုမရှိ၊ ရိုးရိုးသားသား ဖြေဆိုခြင်းသည်သာ အဓိက ပထမ ရည်ရွယ်ချက်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ချင်းပြည်နယ် ခရိုင် (ပြန်/ ဆက်) ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအစည်းအဝေးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အစည်းဝေးမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်က ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ချင်းပြည်နယ်ရဲ့ စုပေါင်းထုတ်ကုန် တန်ဖိုးကျဆင်းခြင်းထက် အကျင့်စရိတ္တပျက်ပြားခြင်းက ပို၍ကြောက်ဖို့ကောင်းကြောင်းနဲ့ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဟာ ဒုတိယ၊ တတိယ ဖြစ်ပြီး မသမာမှုမရှိ ရိုးရိုးသားသား ဖြေဆိုဖို့က ပထမရည်ရွယ်ချက်ဖြစ်တယ်လို့ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်ကနေ အ.ထ.က (၁) ဟားခါးနဲ့ အ.ထ.က (၁) တီးတိန် စတဲ့ စာစစ်ဌာန ၂ ခုမှာကျင်းပခဲ့ပြီး ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသား (၄၀၈) ဦးမှာ စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦး နဲ့ အောင်ချက် ရာခိုင်နှုန်း ၂၆.၉၆ ရာခိုင်နှုန်းသာရှိပြီး တနိုင်ငံလုံးမှာ အောင်ချက် အနည်းဆုံးပြည်နယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

