Headlines

ကလေးမြို့-ရန်ကုန် လေကြောင်းခရီးစဉ်အချို့ ရပ်နားထားပေမယ့် ကျန်ခရီးစဉ်များ ပုံမှန်အတိုင်းပြေးဆွဲနေ

ဖေဖော်ဝါရီ ၂၃ ရက်။

ချင်းတောင်ခြေ ၊စစ်ကိုင်းတိုင်း၊ ကလေးမြို့ – ရန်ကုန် – မန္တလေးကို ပျံသန်းပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်း (MNA) လိုင်းတချို့က ရပ်နားထားပေမယ့် ကျန်တဲ့ လေကြောင်းလိုင်းအားလုံးက ပုံမှန်အတိုင်းပြေးဆွဲနေတယ်လို့ သိရပါတယ်။

ကလေးမြို့ကနေ ရန်ကုန် – မန္တလေးကို မြန်မာ့လေကြောင်းလိုင်း(MNA) UB နံပါတ် ၄ လုံးက ရပ်နားထားပေမယ့်( MNA )UB နံပါတ် ၃ လုံးက ပုံမှန်ပြေးဆွဲနေသလို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) တို့ကလည်း ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိတယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက “ မြန်မာ့လေကြောင်းလိုင်း(MNA) UB ၄ လုံးဘဲ ပိတ်ထားတာပါ MNA UB သုံးလုံးက ထွက်ပါတယ် ပိတ်ထားတဲ့ MNA UB လေးလုံးက ဘယ်ချိန်ပြန်ဆွဲမလဲဆိုတာကတော့ အတိကျတော့ မသိဘူး ပိတ်ထားတဲ့ လေကြောင်းလိုင်းကနေ ကြိုတင်လက်မှတ်ဖြတ်ထားသူတွေလည်း လေယာဉ်လက်မှတ်ခတွေ ပြန်ရမယ် ”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မြစ်ကြီးနားလေဆိပ်မှာ ဖြစ်ခဲ့တဲ့ မြန်မာ့လေကြောင်းလိုင်း(MNA)ပိုင် လေယာဉ်တစ်စီး ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစတင်လို့ UB နံပါတ် ၄ လုံးပါ လေယာဉ်တွေ ကလေးမြို့ကို ပြေးဆွဲတာတွေ အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိကလေးမြို့လေဆိပ်ကနေ မြန်မာ့လေကြောင်းလိုင်း(MNA) UB နံပတ် ၃ လုံး၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)၊ Air KBZ တို့ကနေ ပုံမှန်ပြေးဆွဲလျက်ရှိပြီး လေယာဉ်စီးခဈေးနှုန်းဟာလည်း တစ်ဦးလျှင် ကလေး-မန္တလေး ၅၃၀၀၀၀ ကျပ်၊ ကလေး-ရန်ကုန် ၇၀၉၀၀၀ ကျပ် ရှိတယ်လို့လည်းသိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ ပဠိပက္ခတွေကြောင့် ကုန်းကြောင်း လမ်းခရီးစဉ်တွေဟာ လမ်းခရီးပိတ်တာတွေ အန္တရာယ်များတာတွေကြောင့် ကလေးမြို့နဲ့ တမူးမြို့နယ်တို့အပြင် ချင်းပြည်နယ်က ခရီးသွားပြည်သူတွေဟာ လေကြောင်းကို အဓိကထား ခရီးသွားလာနေကြရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *