Headlines

ကလေးမြို့အကျဉ်းထောင်မှာ အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ သွေးသစ္စာသီချင်းသီဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်အရေးယူခံရ

ဖေဖော်ဝါရီလ ၂ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မော်လိုက်အကျဉ်းထောင်မှာ စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ မနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သွေးသစ္စာသီချင်းဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသူ ဦးရေ ၁၀၀ ကျော်ထဲက အနည်းဆုံး ၁၅ ဦး တိုက်ပိတ်ခံရတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သွေးသစ္စာသီချင်း သီဆိုခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းသူထဲကနေ အနည်းဆုံး ၁၅ ဦးကို တိုက်ပိတ်ခံထားရတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) က စုံစမ်းသိရှိရတယ်လို ထုတ်ပြန်ထားပါတယ်။

အခုလို မော်လိုက်အကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ အခြားအကျဉ်းသူတွေရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှုအပေါ် ပြည်သူတွေ လူအခွင့်အရေးဆိုင်ရာ အဖွဲအစည်းတွေအနေဖြင့် အလေးထား စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးဖိုကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) က အသိပေးကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကလေးမြို့မော်လိုက်အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိတဲ့ထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော်လောက် ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ NLD အစိုးရကို ဖြုတ်ချကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတာ မနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အာဏာသိမ်း ၅ နှစ်ပြည့်တဲ့ နေ့လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *