

ဇန်န၀ါရီလ ၂၇ ရက်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဟားခါးမြို့လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူနှင့်ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး / ဟားခါးဗဟိုကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအေင် ကွယ်လွန်ခဲ့ခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်တွေ ၊ တပ်ဖွဲ့ဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်း Chinland Defense Force – Paletwa(CDF-Paletwa ) က ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဆလိုင်းငွန်ဆန်းအောင်ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ ချင်းပြည်နယ် နယ်စပ်တ ေနရာမှာ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။
ဆလိုင်းငွန်ဆန်းအောင်ဟာ တက္ကသိုလ်ကျောင်းသားကတည်းက ချင်းအမျိုးသားရေးကို တက်ကြွစွာ ဦးဆောင်ရွက်ဦးရွက်ပြု ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးကာလတွင်လည်း ဟားခါးလူထုသပိတ်ကို တပ်ဦးမှ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အပြင် ကွယ်လွန်ချိန်အထိ ချင်းအမျိုးသားရေးနဲ့ လူထုတော်လှန်ရေးလမ်းကြောင်းပေါ်တွင် မမှိတ်မသုန် ရပ်တည်နေသူတစ်ဦးဖြစ်တဲ့အတွက် ချင်းအမျိုးသားတစ်ရပ်လုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့လည်း CDF – Paletwa က ထုတ်ပြန်ပါတယ်။
ကွယ်လွန်သူဆလိုင်းငွန်ဆန်းအောင်ရဲ့ မိတ်ဆွေတစ်ဦးက “ဆလိုင်းငွန်ဆန်းအောင်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာ ဟားခါးမြို့မှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ ရှေ့ဆုံးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လူငယ်ခေါင်းဆောင်ပါ။ အခုတော်လှန်ရေးမှာလည်း မိမိနဲ့ မိသားစုဘဝကို ပေးဆပ်ပြီး တက်ကြွစွာပါဝင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အခုလိုတော်လှန်ရေးမပြီးခင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးရတာက ကျနော်တို့ ချင်းတော်လှန်ရေးအတွက် လူငယ်ခေါင်းဆောင်ကောင်း တစ်ယောက် ဆုံးရှုံးရတယ်လို့ ခံစားရတယ်” လို့ပြောပါတယ်။
ကွယ်လွန်သွားသူ ဆလိုင်းငွန်ဆန်းအောင်ဟာ စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင်က ဟားခါးမြို့အခြေစိုက် The Chinland Post သတင်းဌာနမှာ အယ်ဒီတာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ တုန်းကလည်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ပါတီရဲ့ ဟားခါးမြို့လူငယ်ဥက္ကဌ ဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ကာ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဟာခါးမြို့ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

