Headlines

ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ချင်းလူမျိုးတွေအားလုံးရှုံးနိမ့်

ဇန်နဝါရီလ ၂၇ ရက်။

အာဏာသိမ်းစစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းလူမျိုးကိုယ်စားလှယ် ၄ ဦးစလုံး ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းလူမျိုး ၄ ဦးဟာ ဝါရင့်ချင်းနိုင်ငံရေးသမားဖြစ်သူ CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်၊ဒေါ်နှဲမ်အဲမ်ပါရ်၊ဦးပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်၊ဦး တော်နီလျန် တို့ဖြစ်ကြပါတယ်။

ဝါရင့်ချင်းနိုင်ငံရေးသမား၊CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်က ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၊ ဦးတော်နီလျန်က မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး PR စနစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ မှာ ယှဉ်ပြိုင်ခဲ့ပြီး ၊ချင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နှဲမ်အဲမ်ပါရ်က မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး အင်းစိန်မဲဆန္ဒနယ်ကနေ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦး ပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်ကလည်း အင်းစိန်မဲဆန္ဒနယ်ကနေ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာကို တစ်သီးပုဂ္ဂလ အဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်ကဦးဆောင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ထောင် ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီ အလိုက် အမည်စာရင်း တင်သွင်းမှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ ကိုယ်စားလှယ်လောင်း (၁,၀၁၈)ဦးဖြင့် အများဆုံး ဖြစ်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ (၆၉၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂)ဦး၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀)ဦးနှင့် တစ်သီးပုဂ္ဂလအဖြစ် (၉၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေစလို့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း နဲ့ ကျင်းပပြုလုပ်ခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ(USDP)က လွှတ်တော်နေရာအများစုမှာ မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *