Headlines

မီဇိုရမ်ပြည်နယ်ဟာ ခရီးသွားလုပ်ငန်း အမြန်ဆုံးတိုးတက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်လာတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး ပြောကြား

ဇန်နဝါရီလ ၂၆ ရက်။

ချင်းလူမျိုးတွေအများစု စစ်ဘေးရှောင်နေတဲ့ မီဇိုရမ်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် အိန္ဒိယအရှေ့မြောက်ဒေသမှာ ခရီးသွားလုပ်ငန်း အမြန်ဆုံးတိုးတက်လာတဲ့ ပြည်နယ်တစ်ခု ဖြစ်လာတယ်လို့ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှုး ( Governor of Mizoram) ဖြစ်သူ Gen Vijay Kumar Singh က ဇန်နဝါရီလ ၂၆ ရက်နေ့မှာကျရောက်တဲ့၇၇ ကြိမ်မြောက် သမ္မတနိုင်ငံနေ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

၇၇ ကြိမ်မြောက် သမ္မတနိုင်ငံနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ Gen Vijay Kumar Singh က “မီဇိုရမ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာ ၂၀၂၅-၂၆ ခုနှစ်အတွင်းမှာ သိသိသာသာ ဆက်လက်မြင့်တက်နေပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ ခရီးသွား ၄ သိန်းကျော် လာရောက်ခဲ့ပြီးပြီဖြစ်လို့ မီဇိုရမ်ဟာ အရှေ့မြောက်ဒေသမှာ ခရီးသွားလုပ်ငန်း အရှိန်အဟုန်အကောင်းဆုံး ပြည်နယ်တစ်ခု ဖြစ်လာတာပါ” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Bairabi နဲ့ Sairang ကို ဆက်သွယ်ထားတဲ့ ရထားလမ်းသစ် ဖွင့်လှစ်နိုင်ခဲ့တာဟာ ပြည်နယ်မြို့တော်အနီးအထိ ပထမဆုံးအကြိမ် ရထားလမ်းရောက်ရှိလာတဲ့ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲလို့ ဘုရင်ခံက ဆိုပါတယ်။ ၅၁.၃၈ ကီလိုမီတာ ရှည်လျားတဲ့ ရထားလမ်းစီမံကိန်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် Narendra Modi က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဒေလီကို တိုက်ရိုက်သွားမယ့် မီဇိုရမ်ရဲ့ ပထမဆုံး Rajdhani Express အပါအဝင် အိုင်ဇောလ်-ကိုးလ်ကတ္တားနဲ့ အိုင်ဇောလ်-ဂူဝါဟာတီး ပြေးဆွဲမယ့် ရထားတွေကိုပါ စတင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရထားလမ်းဟာ မီဇိုရမ်ရဲ့ သယ်ယူပို့ဆောင်ရေး သမိုင်းမှာ အပြောင်းလဲဆုံးသော ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပြီး ခရီးသွားလာချိန်နဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်သလို ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကိုပါ ပွင့်လန်းစေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးသွားလုပ်ငန်းအပြင် နောက်ထပ် ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုအနေနဲ့ မီဇိုရမ်ပြည်နယ်ဟာ ၂၀၂၅ ခုနှစ် မေလမှာ အိန္ဒိယနိုင်ငံရဲ့ စာတတ်မြောက်မှု အမြင့်ဆုံး နဲ့ ပထမဆုံး Fully Literate State အဖြစ် ကြေညာနိုင်ခဲ့တာကိုလည်း Gen Vijay Kumar Singh က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆရာ၊ ဆရာမတွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုရဲ့ စုပေါင်းကြိုးပမ်းမှုကြောင့် ရရှိလာတဲ့ ရလဒ်ဖြစ်တယ်လို့ သူက ချီးကျူးခဲ့ပါတယ်။

Gen Vijay Kumar Singh ဟာ အိန္ဒိယစစ်တပ်မှာ စစ်ဗိုလ်ချုပ်ဟောင်း (General) တစ်ဦး ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဗဟိုအစိုးရရဲ့ ဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှုး ( Governor of Mizoram) ဟာ ပြည်နယ်ရဲ့ “မိဘ” သဖွယ် အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့၊ လက်တွေ့ မြေပြင်အုပ်ချုပ်ရေးနဲ့ ဘတ်ဂျက်ကိစ္စတွေကိုတော့ ဝန်ကြီးချုပ် Lalduhoma ကပဲ စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အုပ်ချုပ်ရေးစနစ်မှာ Governor ဟာ အမြင့်ဆုံးအကြီးအကဲဖြစ်ပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ထားပါတယ်။ ပြည်နယ်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှန်သမျှဟာ သူက လက်မှတ်ရေးထိုးအတည်ပြုပြီးမှသာ တရားဝင်ဥပဒေအဖြစ် သတ်မှတ်နိုင်သလို ပြည်နယ်ဝန်ကြီးချုပ်ကို ကျမ်းသစ္စာကျိန်ဆိုပေးခြင်း နဲ့ ပြည်နယ်ရဲ့ အရေးကြီးတဲ့ အခမ်းအနားတွေမှာ အစိုးရကိုယ်စား မိန့်ခွန်းပြောကြားရတာတွေလည်း အဓိက တာဝန်ယူရသူတွေဖြစ်ပါတယ်။

Source – India Today

Leave a Reply

Your email address will not be published. Required fields are marked *