
ဇန်နဝါရီလ ၂၈ ရက်။
မီဇိုရမ်ပြည်နယ်တွင်းရှိ ကလေးများအနေနဲ့ အိန္ဒိယနိုင်ငံမှာ လူဦးရေအများဆုံး ပြောဆိုကြတဲ့ ဟင်ဒီဘာသာစကား အရည်အချင်း တိုးတက်လာစေဖို့အတွက် မီဇိုရမ်ပြည်နယ် အစိုးရက ပြည်နယ်တစ်ဝန်းရှိ ကျောင်းအားလုံးမှာ “ဟင်ဒီစကားပြောနေ့” (Hindi-speaking day) ကို မိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း India Today သတင်းဌာနမှာ ဇန်န၀ါရီလ ၂၈ ရက်နေ့ ဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Vanlalthansai က ဒီအစီအစဉ်ကို ပြည်နယ်ပညာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့အတူ တစ်လမှာ တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့နေ့တွေမှာ ကျောင်းသားတွေရော ဆရာတွေပါ ဟင်ဒီလိုပဲ ပြောဆိုဆက်သွယ်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ကျေးလက်တောရွာက ကျောင်းသားတွေ ဟင်ဒီစကားပြော ပိုမိုကျွမ်းကျင်လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မီဇိုရမ်ဟာ တောင်ပေါ်ဒေသဖြစ်ပြီး မီဇိုမျိုးနွယ်စုတွေ အဓိကနေထိုင်တာကြောင့် ဟင်ဒီစကားပြောတဲ့သူ နည်းပါးပြီး ဘာသာစကားနဲ့ ထိတွေ့မှု အားနည်းပါတယ်။ လက်ရှိမှာတော့ မီဇိုနဲ့ အင်္ဂလိပ်စာဟာ ပြည်နယ်ရဲ့ ရုံးသုံးဘာသာစကားတွေ ဖြစ်ပါတယ်။
မီဇိုကျောင်းသားတွေဟာ ပြည်နယ်ပြင်ပမှာ အဆင့်မြင့်ပညာသွားသင်တဲ့အခါ ဒါမှမဟုတ် အလုပ်အကိုင် ရှာဖွေတဲ့အခါ ဟင်ဒီစကား မကျွမ်းကျင်တာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ဟင်ဒီဆရာတွေကို အထူးသင်တန်းတွေ ပေးသွားမှာဖြစ်သလို၊ ဟင်ဒီစာ မတတ်တဲ့သူတွေကိုလည်း သီးသန့် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ဟင်ဒီစာအပြင် အစိုးရက နောက်ထပ် အစီအစဉ်တစ်ခုအနေနဲ့ အင်္ဂလိပ်စာအခြေပြု (English-medium) ကျောင်းတွေမှာ ဒေသဘာသာစကား သုံးစွဲမှုကို မြှင့်တင်ဖို့အတွက် မိခင်ဘာသာစကားနေ့ (Home language day) ကိုလည်း သတ်မှတ်ပေးသွားဖို့ ရှိပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်းမှာ မြန်မာနိုင်ငံဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၄၀,၀၀၀ ကျော်မှ ၅၀,၀၀၀ ဝန်းကျင် အထိ ရှိနိုင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ (UN) ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေထဲမှာ ကျောင်းနေအရွယ် ကလေးငယ်ဦးရေဟာ ၈,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
မီဇိုရမ်ပြည်နယ် အစိုးရဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအနေနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ပြည်နယ်အတွင်းက အစိုးရကျောင်းတွေမှာ တရားဝင် တက်ရောက်ပညာသင်ကြားခွင့် ပေးထားတာ ဖြစ်ပါတယ်။
ချင်းစစ်ဘေးရှောင်ကလေးငယ်အများစုဟာ မီဇိုစကားနဲ့ အင်္ဂလိပ်စာကို အဓိကထား သင်ယူနေရတာဖြစ်လို့ အခုလို “ဟင်ဒီစကားပြောနေ့” အသစ်ထပ်တိုးလာတာဟာ သူတို့အတွက် နောက်ထပ် ဘာသာစကားအသစ်တစ်ခုကို လေ့လာရမယ့် စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုများလည်းရှိနေပါတယ်။

