Headlines

မတူပီမြို့နယ်အုပ်ချုပ်ရေးကို မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်

ဇန်နဝါရီလ ၅ ရက်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြည်သူ့ရေးရာ လုပ်ငန်းတွေကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်သွားမယ်လို့ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတူပီမြို့နယ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလ ၃၀ – ၃၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး အဲဒီညီလာခံကို ကျေးရွာ၊ ရပ်ကွက်၊ တိုက်နယ် အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်ရှိသူတွေ နဲ့ မြို့နယ်အတွင်း လည်ပတ်နေတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် ( MRO )/ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( CDF – Matupi) အကြီးအကဲတွေနဲ့ လူမှုရေး ၊ ဘာသာရေး ခေါင်းဆောင်တွေ လူဦးရေ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး မတူပီမြို့နယ် အုပ်ချုပ်ရေး အက်ဥပဒေနှင့် မတူပီမြို့နယ် တရားစီရင်ရေး အက်ဥပဒေကို ဆွေးနွေး အတည်ပြု ပြဌာန်းခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လကုန်ကစပြီး ချင်းညီနောင်အဖွဲ့ဝင် MRO/CDF-Matupi တပ်ဖွဲ့ကထိန်းချုပ်ထားပါတယ်။

မတူပီမြီု့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်သူလူထုတွေ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ပြည်သူ့ရေးရာ လုပ်ငန်းတွေ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC) / ချင်းညီနောင် (CB) ရဲ့ စစ်ရေး၊ နိုင်ငံရေး မူဝါဒလမ်းစဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *