
ရေး – DonBosco
“စာသင်နေတဲ့ ကလေးတွေအတွက် ရေသန့်စက် အသေးစားလေးပဲဖြစ်ဖြစ် တကယ်ကို လိုအပ်နေပါတယ်။ အခုက ချောင်းရေကို ပိုက်နဲ့သွယ်ပြီး အဲဒီအတိုင်းပဲ တိုက်ရိုက်သောက်နေကြရတာပါ”
ဒီစကားကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ခွဲလုံကျေးရွာအုပ်စုမှာရှိတဲ့ ဒေသခံကလေးငယ်တွေနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးနေတဲ့ ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောကြားတာ ဖြစ်ပါတယ်။
လက်ရှိ ကိုယ်ထူကိုယ်ထ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးအကြောင်းကို အလေးပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။
သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိဘဲ ချောင်းရေကိုသာ တိုက်ရိုက်သောက်သုံးနေရတာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးအတွက် အမြဲစိုးရိမ်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
“သောက်ရေသန့်ကိစ္စက အတော်လေး အရေးကြီးတယ်။ ဝမ်းပျက်ဝမ်းလျှောကလည်း နှစ်တိုင်း ခဏခဏ ဖြစ်နေတယ်” လို့ အဆိုပါ ပညာရေးဘုတ်အဖွဲ့ဝင်က ဆိုပါတယ်။ ကျောင်းသားမိဘတစ်ဦးရဲ့ ပြောပြချက်အရ နီးနီးနားနားမှာ ဆေးပေးခန်း ထားရှိချင်ပေမဲ့ မစီစဉ်ပေးနိုင်သေးဘဲ CDM ဆရာ၊ ဆရာမ အချို့ရဲ့ အကူအညီနဲ့သာ တတ်နိုင်သလောက် ဖြေရှင်းနေရပါတယ်။ ဒေသတွင်းမှာ ကျေးလက်ဆေးပေးခန်း ရှိပေမဲ့လည်း ခွဲလုံကျေးရွာအုပ်စုအတွင်းရှိတဲ့ ဒေသခံအားလုံးအတွက် လက်လှမ်းမမီသလို၊ အခြေခံလိုအပ်တဲ့ ဆေးဝါးတွေကလည်း မပြည့်မစုံ ဖြစ်နေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ပေါ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ကတည်းက မြို့နေမိသားစုတွေဟာ နီးစပ်ရာ ကျေးရွာတွေဆီမှာ စစ်ရှောင်ခဲ့ကြရပါတယ်။ ခွဲလုံကျေးရွာအုပ်စုမှာလည်း စစ်ဘေးရှောင် အိမ်ခြေအများအပြား ရှိနေတာကြောင့် ဒေသခံကလေးငယ်များအပါအဝင် စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ကို KG ကနေ ၁၂ တန်းအထိ အတန်းလိုက်ခွဲပြီး စာသင်ပေးနေရပါတယ်။ ဒါပေမဲ့ ဒီစာသင်ခန်းတွေဟာ လေကြောင်းအန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရပါတယ်။
“လေယာဉ်သံကြားပြီဆိုရင် စာသင်ရင်းတန်းလန်း တောထဲကို ထွက်ပြေးရတယ်။ တိုက်ပွဲပြင်းထန်တဲ့ ကာလမျိုးမှာဆိုရင် အဲဒီလိုပဲ ဖရိုဖရဲနဲ့ ပြေးရတာ။ လေကြောင်းအန္တရာယ်ကတော့ အဓိကပဲ။ ကျောင်းပညာရေးကိုလည်း တောထဲတစ်လှည့်၊ ရွာထဲတစ်လှည့်ပဲ လုပ်နေရတယ်” လို့ ကျောင်းဆရာတစ်ဦးက မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိမှာ CDM ဆရာ၊ ဆရာမတွေနဲ့ လုပ်အားပေး ဆရာ၊ ဆရာမ စုစုပေါင်း ၃၃ ဦးက ဒီကလေး ၄၀၀ ကျော်ကို ကျောင်း ၄ ကျောင်းခွဲပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကတော့ အမြဲလိုလို ပြတ်လပ်နေပြီး အဆိုးဆုံးမှာ ပုံနှိပ်ဖတ်စာအုပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
“ပုံနှိပ်စာအုပ်က အရမ်းအရေးကြီးပေမဲ့ မိဘတွေနဲ့ ကလေးတွေကို ကိုယ့်ဘာသာဝယ်ဖို့ ပြောရတယ်။ ကျောင်းပြီးရင် နောက်တစ်တန်းအတွက် ဖတ်စာအုပ်တွေကို လက်ဆင့်ကမ်း ပေးရတယ်။ ဒါပေမဲ့ မူလတန်းကလေးတွေဆိုရင် နှစ်မကုန်ခင် ဖတ်စာအုပ်တွေက ပျက်စီးကုန်ပြီ။ ဒါကြောင့် ပုံနှိပ်စာအုပ်ကတော့ နှစ်တိုင်း လိုအပ်ချက် ရှိနေတယ်” လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်မီးမလာတဲ့အတွက် ဆိုလာဘက်ထရီနဲ့ ပရင်တာတွေကို အသုံးပြုနေရသလို၊ ပရင်တာဆေးရည်တွေကိုလည်း အတတ်နိုင်ဆုံး ချွေတာသုံးနေရပါတယ်။ မီးစက်အတွက် လိုအပ်တဲ့ စက်သုံးဆီစျေးကလည်း တစ်လီတာကို ၈,၀၀၀ ဝန်းကျင်အထိ ရှိနေသလို ဝယ်ယူဖို့လည်း အခက်အခဲ ရှိနေပါတယ်။
ဒေသခံမိဘတွေဟာ တောင်ယာလုပ်ငန်းကိုပဲ အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး ကုန်စျေးနှုန်း မြင့်မားနေပါတယ်။ ဆန်တစ်အိတ်ကို တစ်သိန်းခွဲဝန်းကျင်အထိ ပေးနေရသလို၊ မိသားစုထဲက အမျိုးသားအများစုက ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ပါဝင်နေကြတာကြောင့် စားဝတ်နေရေး ကျပ်တည်းမှုတွေ ရှိနေပါတယ်။ ကျောင်းလခအနေနဲ့ တစ်လကို ကျပ်တစ်သောင်းကနေ သုံးသောင်းအထိ တိုးမြှင့်ကောက်ခံခဲ့ရပေမဲ့ မိသားစုအတော်များများက ပုံမှန်မပေးနိုင်ကြပါဘူး။ ဒါပေမဲ့ ကျောင်းကော်မတီအနေနဲ့ ကလေးတွေ ကျောင်းမပျက်ဖို့ကို ဦးစားပေး ဆောင်ရွက်နေပါတယ်။
အလယ်တန်းနဲ့ အထက်တန်းအရွယ် လူငယ်အချို့ကတော့ တော်လှန်ရေးထဲကို ဝင်ရောက်သွားကြတာတွေ ရှိပါတယ်။ တစ်ချို့မှာ အသက်မပြည့်သေးဘဲ တပ်ထဲဝင်ဖို့ ကြိုးစားမှုများ ရှိတာကြောင့် လမ်းမှာ ပြန်လည်တားဆီး ခေါ်လာရတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
“တစ်ချို့ ဆရာ၊ ဆရာမတွေဆိုရင် သူတို့ကိုယ်တိုင် စစ်ရှောင်တွေ ဖြစ်သလို သားသမီး ၃၊ ၄ ယောက်လည်း ရှိကြတယ်။ တစ်လကို ထောက်ပံ့ကြေး ၂ သိန်းရပေမဲ့ ဒီကြားထဲကပဲ စာလည်းသင်၊ မိသားစုကိုလည်း ကြည့်နေကြရတာ” လို့ ကျောင်းဆရာတစ်ဦးက ဆိုပါတယ်။ CDM ဆရာ၊ ဆရာမတွေနဲ့ လုပ်အားပေးဆရာ ၃၃ ဦးဟာ ကလေး ၄၀၀ ကျော်ရဲ့ ပညာရေးအတွက် စစ်ဘေးကြားတွင် သင်ကြားပေးနေကြတာ ဖြစ်ပါတယ်။
ဘာသာရပ်ပြဆရာ ရှားပါးမှုနဲ့ ဆရာတွေအတွက် သင်တန်းတွေ အားနည်းနေတာကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အင်တာနက်လိုင်းရတဲ့အချိန်မှာ သင်ခန်းစာတွေကို ဒေါင်းလုဒ်ဆွဲပြီး Self-study လုပ်ကာ ပြန်လည်သင်ကြားပေးနေရပါတယ်။
မင်းတပ်မြို့နယ်၊ ခွဲလုံကျေးရွာအုပ်စုရှိ ဒေသခံနှင့် စစ်ဘေးရှောင်ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ဟာ လေကြောင်းအန္တရာယ်ကြောင့် “တောထဲတစ်လှည့်၊ ရွာထဲတစ်လှည့်” ပညာသင်ကြားနေရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိဘဲ ချောင်းရေကိုသာ တိုက်ရိုက်သောက်သုံးနေရတာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအတွက် အမြဲစိုးရိမ်နေရသလို၊ ပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်း ရှားပါးမှုဟာလည်း အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။ ကုန်စျေးနှုန်း မြင့်မားပြီး မိဘတွေ စားဝတ်နေရေး ကျပ်တည်းနေပေမဲ့ CDM နဲ့ လုပ်အားပေးဆရာ ၃၃ ဦးရဲ့ လုပ်ဆောင်မှု၊ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရုန်းကန်မှုတွေကြောင့် စစ်ဘေးကြားမှာ ပညာရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွေ စတင်ပြီးနောက်မှာ မြို့ပေါ်ဒေသခံတွေဟာ အနယ်နယ်အရပ်ရပ်ကို စစ်ဘေးရှောင်ခဲ့ကြပါတယ်။ အဲဒီမှာ ပြည်မဘက်ကို တိမ်းရှောင်သွားနိုင်သူတွေရှိသလို၊ အခြေအနေမပေးတာကြောင့် နီးစပ်ရာကျေးရွာတွေထဲမှာပဲ ခိုလှုံနေရသူတွေလည်း အများအပြား ရှိနေပါတယ်။ အခုလို ကျေးရွာတွေဘက်မှာ ခိုလှုံနေရသူတွေဟာ မြို့ပေါ် ဒါမှမဟုတ် ပြည်မဘက်က စစ်ဘေးရှောင်တွေထက် အခြေခံလိုအပ်ချက်တွေနဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေကို ပိုပြီး ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ ခက်ခဲတဲ့အခြေအနေကြားက ကလေးငယ်တွေရဲ့ ပညာရေးအနာဂတ်ကို ငဲ့ညှာပြီး တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့ ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက အခုလို မေတ္တာရပ်ခံထားပါတယ်။
“ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေးက စစ်ဘေးကြောင့် ကြာရှည် ထိခိုက်နေရတာပါ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့ရဲ့ အနာဂတ်အတွက် ပညာရေးကိုတော့ မစွန့်လွှတ်စေချင်ပါဘူး။ ဒါကြောင့် အဝေးကပဲဖြစ်ဖြစ်၊ အနီးကပဲဖြစ်ဖြစ် ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် တတ်နိုင်သလောက် အလေးထား ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ သူက ပြောပါတယ်။

