
ဒီဇင်ဘာလ ၁၃ ရက်။
စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကိုလုံးဝအသိအမှတ်မပြုဖို့ အပါအဝင် အချက် ၃ ချက်ကို အိန္ဒိယအစိုးရနှင့် လွှတ်တော်ကို မြန်မာပြည်သူလူထု ကိုယ်စားလှယ်စား အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ၁၁၃ ဖွဲ့နှင့် တသီးပုဂ္ဂလ ၂၉ ဦးတို့က ဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့တယ်လို့ India For Myanmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ၎င်းတို့စိုးမိုးထားရာ နယ်မြေအနည်းငယ်မှာ မကြာမီကာလအတွင်း ဟန်ပြကျင်းပရန် ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲ ကို လုံးဝ အသိအမှတ်မပြုဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲသို့စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များစေလွှတ်ခြင်းမှရှောင်ကြဉ်ရန်၊မြန်မာနိုင်ငံတွင် စစ်မှန်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လက်တွေ့ကျပြီး အထောက်အကူဖြစ်စေမယ့် အကူအညီတွေကိုသာ ပံ့ပိုးပေးဖို့ အိန္ဒိယအစိုးရနဲ့ လွှတ်တော်ကို အိတ်ဖွင့်စာပေးပို့ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုရေး ကပ်ဘေးဆိုးများအားလုံးဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်ဖြစ်ပြီး ဒီအရာတွေအတွက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ အပြည့်အဝ ရှိကြောင်း မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေ အားလုံးရဲ့ မူလဇာစ်မြစ်ဟာ အာဏာရှင်ဆန်တဲ့ အတွေးခေါ်ရှိသော စစ်ခေါင်းဆောင်များကြောင့်ဖြစ်ပြီး ၎င်းတို့ဟာ သမိုင်းတရားခံတွေ ဖြစ်ကြသလို ယခုဆင်နွှဲနေတဲ့ မြန်မာ့ နွေဦးတော်လှန်ရေးဟာ သာမန် နိုင်ငံရေးပဋိပက္ခ မျှသာမဟုတ်ဘဲ စနစ်ဆိုးတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းမည့် စနစ်တော်လှန်ရေးတစ်ရပ်ဖြစ်တယ်လို့လည်း အိတ်ဖွင့်စာထဲပါရှိတာတွေ့ရပါတယ်။
မြန်မာ့အရေးကို အိန္ဒိယနိုင်ငံအနေဖြင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမှုဝါဒဖြင့် ချဉ်းကပ်ရန် မသင့်လျော်ဘဲ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား၊ သမိုင်းကြောင်းအရ အိမ်နီးချင်းကောင်း ပီသမှုနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပြီး မှန်ကန်စွာ ရပ်တည်ချဉ်းကပ်သင့်တယ်လို့ ထင်မြင်ကြောင်းနှင့် လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် အိန္ဒိယအစိုးရ တို့အကြား ဆက်ဆံရေးပုံစံများအပေါ်မှာလည်း အထူးပင် စိတ်မကောင်းဖြစ်ရတယ်လို့ အိတ်ဖွင့်စာထဲ ဖော်ပြထားတာတွေ့ရပါတယ်။
အခုလိုအိတ်ဖွင့်စာပေးပို့တဲ့ထဲ အမည်မဖော်တဲ့ အဖွဲ့အစည်း ၂၄ ဖွဲ့အပါအဝင် အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ၁၃၃ ဖွဲ့နှင့်တသီးပုဂ္ဂလ ၂၉ ဦးတို့က အိတ်ဖွင့်စာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

