Headlines

လေးစားရသော ချင်းနိုင်ငံရေးခေါင်းဆောင် John Mang Tling အကြောင်း အကျဉ်းချုပ်

By Shendus R.Lakher

မရာ (ချင်း) လူငယ်တစ်ဦး၊ တော်လှန်ရေးလမ်းကြောင်းပေါ်တွင် ရှိနေသူတစ်ဦးအနေဖြင့် မရာ (ချင်း) လူမျိုးအတွင်း လေးစားအားကျရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို စဉ်းစားမိတိုင်း ဦး မန်တလင်း (John Mang Tling) ကို အရင်ဆုံး သတိရမိသည်။ သို့သော်လည်း သူ့အကြောင်းကို ကျနော်ကိုယ်တိုင်လည်း နက်နက်ရှိုင်းရှိုင်း မသိခဲ့ဘဲ နာမည်ကိုသာ ကြားဖူးနားဝ ရှိခဲ့ခြင်းသာ ဖြစ်သည်။ မရာလူငယ်များသာမက ချင်းလူငယ်အများစုလည်း ထိုနည်းတူ ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ John Mang Tling အကြောင်းကို ရေးသားထားသော စာပေမှတ်တမ်းများ အလွန်ရှားပါးနေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လက်လှမ်းမီသလောက် သူ့အကြောင်းကို လေ့လာကြည့်ရာတွင် John Mang Tling သည် CNF ပေါ်ပေါက်မလာမီ၊ KIO နှင့် KNU တို့နှင့်ပါ အချိန်ပိုင်းအရ နီးစပ်စွာ ၁၉၆၂ ဝန်းကျင်တွင် ချင်းလက်နက်ကိုင် တော်လှန်ရေးကို စတင်ကြိုးပမ်းခဲ့သူဖြစ်ကြောင်း တွေ့ရှိရသည် (အောင်မြင်မှု မရခဲ့သော်လည်း)။ သူသည် စစ်အာဏာရှင်ကို လက်နက်ကိုင်၍ ဆန့်ကျင်တော်လှန်ရန် အစပြု လှုပ်ရှားခဲ့သည့် ချင်းနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊ ဝန်ကြီးချုပ်ဟောင်း U Nu မှ ယုံကြည်အားကိုးရသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ထိုခေတ်ကာလတွင် မရာ (ချင်း) လူမျိုးတစ်ဦးအဖြစ် နိုင်ငံတော်အဆင့်တွင် ထင်ရှားစွာ နေရာရရှိခဲ့သူဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် Parliamentary Secretary (အတွင်းဝန်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် Chin Democracy Party ကို တည်ထောင်ခဲ့သူဖြစ်ပြီး၊ ချင်းလူငယ်များအား စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရန် လမ်းညွှန်ပေးခဲ့သူ၊ မီးအလင်းပေးခဲ့သူဟု ဆိုပါက မမှားယွင်းပါ။

ထိုသို့ကြောင့် John Mang Tling သည် ချင်းလူငယ်များအတွက်၊ အထူးသဖြင့် ယနေ့တော်လှန်ရေးကို ဆင်နွှဲနေကြသော ချင်းလူငယ်များအတွက် မသိသေးသော သို့သော် လေးစားအတုယူသင့်သည့် **Unknown Hero** တစ်ဦးဖြစ်ပါသည်။

ယနေ့ခေတ် ချင်းလူငယ်အများစုသည် ချင်းလက်နက်ကိုင် တော်လှန်ရေးနှင့် ပတ်သက်လျှင် ENG တော်လှန်ရေးခေါင်းဆောင်များ (ကြွမ်ဘိခ်၊ ဝမ်တူးမောင်၊ ဆလိုင်းတင်မောင်ဦး စသဖြင့်) နှင့် CNF ခေါင်းဆောင်များကိုသာ ပိုမိုသိရှိကြပြီး၊ CNF မတည်ထောင်မီက ချင်းလက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူများအကြောင်းကို သိရှိသူ အလွန်နည်းပါးနေဆဲဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်ကို လက်နက်ကိုင်ကာ တော်လှန်ရေးကို အစပြုခဲ့သော ချင်းခေါင်းဆောင်များအနက် John Mang Tling သည် မမေ့သင့်သော၊ လေးစားအသိအမှတ်ပြုသင့်သော ချင်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အလေးအနက်ထား ပြောကြားလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *