
ဒီဇင်ဘာလ ၂၈ ရက်။
အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူတွေဟာ အပြင်ထွက်သွားလာတာ မရှိသလောက်နည်းပါးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက ” အခြေအနေကတော့ ပြည်သူလူထုက အသံတိတ်သပိတ် လုပ်ကြတဲ့ ပုံစံမျိုးပဲ လမ်းတွေပေါ် လူကိုရှင်းနေတာပဲ ဒါကိုကြည့်ပြီး မဲရုံသွားပြီး မဲမပေးကြဘူးဆိုတာ သိနိုင်တာပေါ့ မဲပေးတဲ့သူတွေက သူတ်ို့ (စစ်ကော်မရှင်) နဲ့ မကင်းတဲ့သူတွေ သူတို့ကို ထောက်ခံတဲ့ အနည်းစုပဲရှိတယ်၊ ဈေးဆိုင်တွေလဲ ပိတ်ထားကြတယ် ဈေးဝယ်သူတွေလည်း မရှိကြဘူး လမ်းတွေပေါ်လဲ လူသွားလူလာ မရှိဘူး” လို့ပြောပါတယ်။
စစ်ကော်မရှင်က ကလေးမြို့ပေါ် မင်္ဂလာဥယာဉ်က အမှတ် (၁၀) ကျောင်း၊ အောင်သစ္စာက အမှတ် (၂) ကျောင်းနဲ့ အ. ထ . က (၆) ၊ အ . ထ. က (၃) ကျောင်းဝန်းတွေထဲ မဲရုံဖွင့်ထားပြီး စစ်ကော်မရှင်တပ်ဖွဲ့တွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ကသပိတ်ခေါင်းဆောင်တစ်ဦးက ” ပြည်သူလူထုက တာဝန်ကျေတယ် ရက်ရက်စက်စက် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဖျက်ဆီးပြီးမှ သေနတ်မိုးပြီး အုပ်ချုပ်တဲ့ လက်အောက်မှာတောင်မှာ ပြည်သူလူထုက စစ်အာရှင်မလိုလားဘူးဆိုတာကို ပေါ်လွန်အောင်ပြတာပေါ့နော် ပြည်သူလူထုပါဝင်မှုက အားရစရာကောင်းတယ် နောက်ပြီး ပြည်သူလူထုပါဝင်မှုကို အထင်မသေးကြဖို့လည်းပြောချင်ပါတယ်” လို့ပြောပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်ဟာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်း စတင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကို ဇန်နဝါရီလကုန်အထိ အပိုင်း (၃) ပိုင်းထိခွဲကာ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

