Headlines

တီးတိန်မြို့နယ်မှာ ဇိုမီးအမျိုးသားပါတီက ၂ နေရာ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိ

ဒီဇင်ဘာလ ၂၉ ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့ မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ဇိုမီးအမျိုးသားပါတီ(ZNP) က အမျိုးသားလွှတ်တော် (FPTP)မဲဆန္ဒနယ် နှင့် ပြည်နယ် လွှတ်တော် (FPTP)မဲဆန္ဒနယ်တို့မှာ လည်းကောင်း၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

တီးတိန်မြို့ နယ် ရှိ တီးတိန်မြို့ နှင့် ခိုင်ကမ်းမြို့ တို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် တီးတိန်မြို့ပေါ် ရပ်ကွက် ( ၄) ခုမှာ မဲရုံ (၅) ရုံ၊ ခိုင်ကမ်းမြို့မှာ မဲရုံ (၁)ရုံ ထားရှိပြီး ဇိုမီးအမျိုးသားပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်းမဲရရှိမှုတွင် ဇိုမီး အမျိုးသားပါတီ မှ ဦးပေါင်ဇလန်က ၁၉၀၄ မဲဖြင့် အနိုင်ရရှိပြီး ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ကောင်းထက်ခိုင် ၁၇၅၉ မဲ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဒေါ်ဝုန်သွယ်ကိမ် ၃၀၇ မဲ အသီးသီးရ ရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲအရေအတွက်စုစုပေါင်း မှာလည်း ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်လွန်မင်ထန် က ၁၇၇၉ မဲ အနိုင်ရရှိပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ မှ ဦးလျန်ဇခုပ် က ၁၇၅၂ မဲ၊ ချင်းပြည်သစ် ကွန်ဂရက် ပါတီမှ ဦးကိုင်ခန့်မန် က ၃၉၅ မဲ ပြည်သူ့ ရှေ့ဆောင်ပါတီမှ ဦးအာကာ က ၃၉ မဲ အသီးသီး ရရှိခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း မဲအရေအတွက် စုစုပေါင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဦးဆလိုင်းအောင်ပြည့်က ၁၈၀၇ မဲဖြင့် အနိုင်ရကာ ၊ဇိုမီးအမျိုးသားပါတီမှ ဦးဒဲရစ်ကမ်ဇအာလ် က ၁၅၆၅ မဲရရှိကာ ၊ချင်းပြည်သစ် ကွန်ဂရက်ပါတီ မှ ဦးဇင်ရှင်းပြောင် က ၅၈၈ မဲ အသီးသီး ရရှိခဲ့ပါတယ်။

တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း ရရှိတဲ့ မဲအရေအတွက် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းရရှိတဲ့ မဲအရေအတွက် နဲ့ ပြည်သူ့လွှတ်တော် နေရာများအတွက် ဇိုမီးအမျိုးသားပါတီ နှင့် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ ဟာ မဲအရေအတွက် ရာဂဏန်း ဖြင့်သာ အနိုင်အရှုံး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။

ချင်းပြည်နယ်ရှိ မြို့နယ်နှစ်ခုမှာသာ ပြုလုပ်တဲ့ ၂၀၂၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ် အားလုံး သိရှိရ အပြီးမှာတော့ အမျိုးသားလွှတ်တော် အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ် နေရာနဲ့ ပတ်သက်ပြီး ချင်း လူငယ်နိုင်ငံရေး သမား တဦး ဖြစ်တဲ့ ကိုငယ်ပီးက “ အမျိုးသား လွှတ်တော် ဆန္ဒမဲ စုစုပေါင်းက ၆,၇၅၂ မဲ ရှိတယ်။ USDP ပါတီက ၄၂၉၇ မဲ၊ ZNP က ၁,၇၇၉ မဲ၊ NCC က ၃၉၅ မဲ နှင့် PPP က ၃၈၁ မဲ အသီးသီး ရရှိကြတယ်။ ဆိုတော့ဖြစ်နိုင်ခြေ အချိုးကျ ကိုယ်စားပြု အမျိုးသား လွတ်တော် ကိုယ်စားလှယ်က USDP က ၃ ဦး နှင့် ကြွင်းကျန်မဲ အတွက် ၁ ဦးပေါင်း ၄ ဦး ဖြစ်နိုင်တယ်။ ZNP က ၁ ဦး နှင့် ကြွင်းကျန်မဲ အတွက် ၁ ဦး ပေါင်း ၂ ဦး ဖြစ်နိုင်တယ်” လို့ ခန့်မှန်းပြောကြားပါတယ်။

ပြည်နယ် လွတ်တော်ရဲ့ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ် နေရာ နဲ့ ပတ်သက်ပြီး “ပြည်နယ် လွှတ်တော် ဆန္ဒမဲ စုစုပေါင်းက ၆,၈၀၆ မဲ ရှိတယ်။ USDP ပါတီက ၃,၈၂၈ မဲ၊ ZNP က ၁,၉၀၄ မဲ နှင့် NCC က ၁၀၇၄မဲ အသီးသီး ရရှိကြတယ်။ ဆိုတော့ဖြစ်နိုင်ခြေ အချိုးကျ ကိုယ်စားပြု ပြည်နယ် လွတ်တော် ကိုယ်စားလှယ်က USDP က ၅ ဦး ဖြစ်နိုင်တယ်။ ZNP က ၂ ဦး နှင့် ကြွင်းကျန်မဲ အတွက် ၁ ဦး ပေါင်း ၃ ဦး ဖြစ်နိုင်တယ်။ NCC ကတော့ ၁ ဦး ဖြစ်နိုင်တယ်” လို့ ကိုငယ်ပီးက ဆက်လက် ခန့်မှန်း ပြောဆို ခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ပြည်နယ် လွှတ်တော် အခြေအနေ နဲ့ ပတ်သက်ပြီး ကိုငယ်ပီးက ဆက်လက် ခန့်မှန်းရာမှာတော့ “ ပြည်နယ်လွှတ်တော်မှာ FPTP နဲ့ ရွေးကောက်တဲ့ ကိုယ်စားလှယ် ၂ ဦး၊ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ် ၉ ဦး နှင့် အတူ တပ်မတော်သား ကိုယ်စားလှယ် ၆ ဦး စသဖြင့် ပါဝင်လာ လိမ့်မယ်။ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦး ပါဝင် လာလိမ့်မယ်” လို့ ပြောဆို ခဲ့ပါတယ်။

ချင်းပြည်နယ်ရဲ့ ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ် အနေဖြင့် မဲနိုင်သူ အကုန်ယူ မဲ ဆန္ဒနယ် မှာ USDP ပါတီက ပြည်သူ့လွတ်တော် ၂ နေရာ၊ အမျိုးသား လွှတ်တော် ၁ နေရာ နှင့် ပြည်နယ် လွှတ်တော် ၁ နေရာကို သော်လည်းကောင်း၊ ZNP ပါတီက အမျိုးသားလွှတ်တော် ၁ နေရာ နှင့် ပြည်နယ် လွှတ်တော် ၁ နေရာကို သော်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ စစ်ကော်မရှင်ဟာ ဒီဇင်ဘာလ ၂၈ ရက်မှာ ဟားခါးနဲ့တီးတိန်မြို့ ၂ မြို့မှာသာ ပါတီစုံရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *