
မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအနီး ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို ( CDF – Asho) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ CDF – Asho က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့က လူငယ်တွေကို တပ်သားစုဆောင်းပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် စိတ်ဆန္ဒမပါပဲ အစတေးခံများအဖြင့် အသုံးချလျက်ရှိကာ ရှေ့တန်းစစ်မြေပြင်တွင် အထက်တပ်မှုးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိကြတော့ပဲ နေ့စဉ်နဲ့အမျှ တပ်ကထွက်ပြေးရန်ကြိုးစားလျှက် ရှိနေတာကိုလည်း ဘက်ပြောင်းအလင်းဝင်ရောက်သူတွေရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့လည်း CDF – Asho က ဆိုပါတယ်။
ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအနီး စစ်မြေပြင်ကစစ်ကော်မရှင်ထံ အတင်းအဓမ္မ စစ်သားစုဆောင်းခံနေရတဲ့ လူငယ်တွေ အနေဖြင့် CDF – Asho ထံ ဘက်ပြောင်းချင်လျှင် အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နှင့် လုံခြုံမှု ရရှိစေရေးကို အာမခံတယ်လို့လည်း CDF – Asho က ထုတ်ပြန်ထားပါတယ်။

