Headlines

၅ နှစ်တာ လွမ်းဆွတ်မှုနှင့် ရှင်သန်နိုးထလာသော ချင်းတောင်တန်းက ခရစ္စမတ်တေးသံ

Screenshot

============

Five Years of Longing and the Reawakening Christmas Melodies of the Chin Hills
(Summary)

In Chin State, where the majority of the population is Christian, Christmas has long been regarded as the most significant day of the year and the December Christmas season is observed with deep reverence. However, in 2025, as in previous years, ongoing military and political instability has made it impossible to celebrate Christmas in Chin State with the vibrancy and festivity once known.

Since the military coup in Myanmar in 2021, the joy of Christmas in the Chin Hills—including the tradition of Carol Singing, where people went from house to house on December evenings to proclaim the Good News, sing hymns, and exchange prayers and blessings—has nearly disappeared.

In this context, during the Christmas season, the role of local Chin media has become increasingly vital for both Chin people living away from their homeland and those who remain on the ground in Chin State. Local Chin media serve as a bridge by sharing Christmas messages, portraying scenes of Chin State during the December season, conveying the spiritual significance of Christmas, and presenting—in indigenous languages—the message of Christ, who came into the world to sacrifice Himself for humanity’s sins.

At the same time, local media bear the responsibility of preserving and passing on to younger generations the Christmas traditions and the cultural values of the Chin people, which now face the risk of fading away.

“တီးတိန်မြို့ပေါ်မှာတော့ ညနေပိုင်း မထွက် ဘဲ မနက် အာရုဏ်ဦး ကာဖြူး လွှတ်တာနဲ့ ထွက်ကြတယ်၊အစဉ်အလာတော့ အပျက်မခံ နိုင်ဘူး။ Carol Singing ရဲ့ အနှစ်သာရက မင်္ဂလာ သတင်းကို အိမ်တိုင် ရာရောက် ပို့ပေးတာပါ။ ညဘက်မှာ သီချင်းဆို၊ ထွက်လည်တာ မဟုတ်ဘူး။”

ဒီစကားဟာ ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလမှာ တီးတိန်မြို့မှာ ခရစ္စမတ် Carol Singing ထွက်ဖြစ်တဲ့ နှစ်ခြင်းအသင်းသား တစ်ယောက်ရဲ့ မှတ်ချက်စကားပါ။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်အထိ ချင်းတောင်တန်းရဲ့ ဒီဇင်ဘာလအချိန်ဟာ အမြဲတမ်း ချိုမြိန်ခဲ့ပါတယ်။ “Sweet December” ရဲ့အစပြုမှုနဲ့အတူ ချင်းလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ်အချိန်ဟာ ယုံကြည်ခြင်း၊မိသားစု ပြန်လည်ဆုံစည်းခြင်းနဲ့ မျှဝေခံစားခြင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

အခုလိုဒီဇင်ဘာလမှာ အေးချမ်းလှတဲ့ ညချမ်းမှာ အနွေးထည်ထူထူနဲ့ Carol တွေလှည့်ပြီး အလှူခံတာ၊ အိမ်တိုင်ရာအရောက် ခရစ်တော်မွေးဖွားတဲ့နေ့ရက်အကြောင်း သတင်းကောင်းပါးတာ၊ Carol သီချင်းတွေကို အိမ်တိုင်ရာရောက် ညနက်အထိ သီဆိုတာတွေက မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က ခရစ်ယာန်ဘာသာ၀င်တွေအများစုနေထိုင်တဲ့ ချင်းပြည်မှာပြုလုပ်နေကျဖြစ်ပါတယ်။

ဒါပေမဲ့ဒီကာလမှာတော့… အေးမြတဲ့ ဆောင်းလေညင်းတွေနဲ့အတူ…..နာကျင်မှုနဲ့စိန်ခေါ်မှုသစ်တွေက ချင်းတောင်တန်းတစ်ခွင်ကို လွှမ်းမိုးထားပါတယ်။

နိုဝင်ဘာလ ၃၀ ရက်ရဲ့ သန်းခေါင်ယံမှာ ချင်းပြည်နယ်တစ်ခွင် သီချင်းသံတွေဟိန်းထွက်လာလေ့ရှိ ပါတယ်။ ဒါဟာခရစ္စမတ်ကာလကို တရားဝင်ကြေညာတဲ့ “SweetDecember” ပါပဲ။ တစ်အိမ်တက် ဆင်း ဓမ္မတေးဆိုတဲ့ Caroling အဖွဲ့တွေ၊ မြူနှင်းတွေကြားထဲမှာကလေးတွေကို မုန့်ဝေနေတဲ့ Santa Claus တွေဟာ ကျွန်တော်တို့ရဲ့ မမေ့နိုင်တဲ့ ပုံရိပ်တွေပါ။တစ်နှစ်မှာ တစ်ခါပဲ ရလေ့ရှိတဲ့ အဝတ်အစား သစ်လေးတွေကို ကလေးတွေဟာ ဒီဇင်ဘာလမှာပဲဝတ်ဆင်ခွင့်ရကြတာပါ။

ချင်းပြည်ကမိသားစုတိုင်းအတွက် ၁၂ လရာသီမှာ ဒီဇင်ဘာလဟာ အသားဟင်းကိုအလျှံအပယ်စားရတဲ့အချိန်လည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက် လက်နက်ကိုင်တော်လှန်ရေး အင်အား ကောင်းလာတဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး ပြည်သူလူထု ရာချီသေဆုံးခဲ့ပါတယ်။အရင်က မရှိခဲ့တဲ့ စစ် ဘေးဟာ ချင်းပြည်ကို ရောက်ရှိလာပြီး ချင်းပြည်က မြို့ရွာတချို့တွေမှာ ပြည်သူတွေရဲ့အိုးအိမ် ထောင်ချီမီး လောင်ပျက်စီးခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်ကဘုရား ကျောင်းများစွာဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရ/ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက် ဖြစ် ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေအကြားမှာ ချင်းပြည်က မြို့ရွာများစွာထိခိုက်ပျက်စီးခဲ့ရပြီး အာဏာမသိမ်းခင်က လူဦး ရေ ၅ သိန်း ကျော် နေထိုင်ခဲ့တဲ့ ချင်းပြည်နယ်မှာ ၄ နှစ် ကျော်အတွင်း အခုဆိုရင် ချင်းလူမျိုး ၂ သိန်းခွဲခန့်ဟာ သူတို့ရဲ့အိုးအိမ် တွေကိုပစ်ပြီး နေရပ်စွန့်ခွာခဲ့ရပါတယ်။

ဟားခါးမြို့က Sunday School ဆရာမတစ်ဦးက “ Carol မထွက်ဖြစ်တာ ၅ နှစ်လောက်ရှိပြီ။ အမှန်ဆို အရင်က ဒီဇင်ဘာလဆိုရင် လူငယ်တွေပျော်ပျော်ပါးပါးနဲ့ Carol ထွက်ခဲ့တာပေါ့။ အိမ်တိုင်းကလည်း ညနက်တဲ့အထိတောင် ဒီဇင်ဘာလကို စောင့်ကြိုခဲ့ကြတာသတိရတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက Facebook မှာ ချင်းပြည်က By the Rivers of Babylon သီချင်းနဲ့ မြူးကြွသော ခရစ္စမတ် Carol ထွက်တဲ့ video မြင်ရချိန်မှာ ကိုမုန်ဘွဲ့ တယောက်တည်း နိုင်ငံတကာ အဆင့်မှီ မလေးရှားနိုင်ငံ၊လာလမ်ပူ မြို့ကြီးရဲ့ ခမ်းနားမှုအောက်မှာ ဇာတိဖြစ်တဲ့ ချင်းတောင် နဲ့ မိသားစုကို လွမ်းပြီး ပလက်ဖောင်းပေါ် ထိုင်ချ ငိုကြွေး စေပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ မလေးရှား ရောက်ရှိ ခဲ့ရတဲ့ ကိုမုန်ဘွဲ့ ဟာ အသက် ၃၀ အရွယ် ချင်းပြည်နယ် မြောက်ပိုင်းသား တဦး ဖြစ်ပါတယ်။ ပြည်တွင်း ပဋိပက္ခကြောင့် အထွေထွေ အကျပ်အတည်း စတင်လာတော့ လုပ်လက်စ NGO လုပ်ငန်းတွေ ထားခဲ့ပြီး မလေးရှားကို ၂၀၂၃ နှစ် အောက်တိုဘာလ မှာ ရှောင်ပြေးခဲ့ရ ပါတယ်။

အရွယ်မရောက်သေးတဲ့ လူမမယ် သမီးလေး နှစ်ဦး နဲ့ CDM ပြုလုပ်ထားတဲ့ မိန်းမကို မြန်မာပြည်မှာ ထားခဲ့ပြီး မိသားစု အသက် ဆက်နိုင်ဖို့ ကျည်လွတ်ရာ မလေးရှားမှာ ရတဲ့ အလုပ် မငြင်းသာပဲ လုပ်ကိုင် ရပါတယ်။ မလေးရှားရောက် ပြီးနောက်ပိုင်း ပြည်သူ့ စစ်မှုထမ်း ဥပဒေ ထွက်ပေါ်လာတော့ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက် ပိုနည်းလာခဲ့တယ်။

ဖော်ရွေတဲ့ ကိုမုန်ဘွဲ့ အတွက်တော့ ရောက်သည့် နေရာမှာ လူချစ်လူခင်များ ခဲ့ပါတယ်။ အလုပ်ရှင်တွေရဲ့ မျက်နှာသာကိုလည်း ရရှိသူ တဦးပါ။ လုပ်ဖော်ကိုင်ဖက်များနဲ့ တည့်အောင် ပေါင်းပြီး ပေါ့ပါးသော ဟာသလေးများဖြင့် ဖိအားများ လျော့ပါးအောင် ပြုလုပ်တတ်သူ လည်း ဖြစ်ပါတယ်။

မြန်မာပြည်ရှိ စုံလင်သော တိုင်းရင်းသားများ၊ ထွေပြားသော စရိုက်ပေါင်းစုံ တို့ ဆုံစည်း ခိုလှုံရာ မလေးရှားမှာတော့ လူတော်လူကောင်း အဖြစ် ရပ်တည်မှုသည်ပင် စိန်ခေါ်မှု တရပ် နေပါတယ်။ အလုပ်ကြိုးစားပြီး အလုပ်ရှင်ရဲ့ မျက်နှာသာ ပေးမှုသည်ပင် ကိုမုန်ဘွဲ့ အတွက် အန္တရာယ် ဖြစ်လာခဲ့ ပါတယ်။

ကွာလာလမ်ပူမြို့ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ည မှာတော့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာပြည်ဖွား ရိုဟင်ဂျာ အလုပ်သမား နှစ်ဦးက အနားယူ နေတဲ့ ကိုမုန်ဘွဲ့ကို မီးဖိုချောင်ဓား တလက်နဲ့ ဘယ်ဘက် ရင်အုံကို တချက် ထိုးပြီး အလုပ်သမားတွေနေဖို့ အလုပ်ရှင် ငှားပေးထားတဲ့ အဆောင်ကနေ ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်။ သန်းခေါင်ချိန်မှာ ဖြစ်တဲ့ လျို့ဝှက် ဓားထိုးမှုကြောင့် သတိလစ် နေတဲ့ကိုမုန်ဘွဲ့ကို လုပ်ဖော်ကိုင်ဖက် ချင်းအမျိုးသား တဦးက မနက်ပိုင်းမှာ သတိထားမိတာကြောင့် အလုပ်ရှင်ဆီမှာ တိုင်တန်းပြီး ဆေးရုံကို အမြန်ပို့ခဲ့ ရပါတယ်။

ဓားဒဏ်ရာကို မပြုစုဘဲ နာရီပေါင်းများစွာ သတိလစ်ပြီး သွေးယိုနေတာကြောင့် သွေးထွက်လွန်တဲ့ အနေအထားနဲ့ ဆေးရုံပေါ်မှာ ရက်ပေါင်းများစွာ ဆေးကုသ ခံရပါတယ်။ မလေးရှားမှာ ခိုလှုံနေတဲ့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အကူအညီ နဲ့ ရင်းဂစ်များစွာ အကုန်အကျခံ ကုသရ ပါတယ်။ အဆိုးထဲက အကောင်း တခု အနေဖြင့် ကိုမုန်ဘွဲ့ကို UNHCR က ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ခိုလှုံခွင့် ကဒ်ပြား ထုတ်ပေးခဲ့ ပါတယ်။ UN ကဒ်ကြောင့် ဖမ်းဆီးမှုတွေကနေ လွတ်မြောက်ခွင့် ရရှိခဲ့ ပေမယ့် နာလန်ထူဖို့ အချိန်များစွာ လိုအပ်တာကြောင့် အချိန်အတော်ကြာ တပါးသူရဲ့ အကူအညီနဲ့ အသက်ဆက် ခဲ့ရ ရှာပါတယ်။

အဖမ်းအဆီး ကြမ်းလာတဲ့ မလေးရှားရဲတွေရဲ့ Operasi ကို တော့ UN ကဒ် ကိုင်ထားတဲ့ ကိုမုန်ဘွဲ့ အဖို့ ကြောက်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် အထောက်အထားမဲ့ လို့ ဖမ်းဆီးခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အသိမိတ်ဆွေတွေကြောင့် စိတ်အေးချမ်းတယ်လို့ မရှိခဲ့ပါဘူး။

မလေးရှား နိုင်ငံအတွင်းမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ထဲမှာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၅၀၁ ဦးထက်မနည်းကို လည်းကောင်း၊ အောက်တိုဘာလ မှာ ၁၂၀ ဦး ထက်မနည်းကို လည်းကောင်း၊ နိုဝင်ဘာလမှာ ၆၉၃ ဦး ထက်မနည်းကို လည်းကောင်း အဖမ်းခံရတယ် လို့ မလေးရှား-မြန်မာ လူမှုရေးအသင်း (MMA) ထုတ်ပြန်ထားပါတယ်။

“ကျွန်တော် အသိ မိတ်ဆွေ တဦး ဆိုရင် သူကိုယ်တိုင်ရော၊ သူ့မိသားစု လက်ရှိ အခြေအနေမှာ မြန်မာပြည် ပြန်တာထက် မလေးရှား အချုပ်ထဲမှာ နေရတာ ပိုလုံခြုံပါတယ်။ ကျည်ဆန် မကြောက်ရဘူး။ ပြည်သူ့ စစ်မှုထမ်း အဖြစ် ဖမ်းဆီး ခံရမှာ မကြောက်ရဘူး။ လူသားဒိုင်း အဖြစ် တိုက်ပွဲရဲ့ ရှေ့တန်း မှာ ခေါ်ဆောင် ခံရမှာ မကြောက်ရဘူးလို့ ပြောသွားတယ်” ဆိုပြီး ကိုမုန်ဘွဲ့ က အဖမ်းခံရတဲ့ မိတ်ဆွေ တဦး နဲ့ သူ့မိသားစုရဲ့ ခံယူချက်ကို ပြောပြ ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ အကူအညီ ဖြတ်တောက်မှုကြောင့် မလေးရှားနိုင်ငံ ရှိ ကုလသမဂ္ဂရဲ့ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၂၅ တွင်းမှာ ဝန်ထမ်း ၆၀ % ကို လျော့ချ ခဲ့တာကြောင့် ဒုက္ခသည် မှတ်ပုံတင်တဲ့ လုပ်ငန်း နှောင့်နှေးလာပြီး လူနာများကိုလည်း အရင်လို ကြည့်ပေး မြန်မြန် ဆန်ဆန် ကြည့်ပေး နိုင်ဖို့ ခက်ခဲ လာသလို၊ ကျန်းမာရေး ပြဿနာကြောင့် အလျင်အမြန် အကာအကွယ် လိုသည့် ဒုက္ခသည်များကို ခေါ်ယူလေ့ ရှိတဲ့ တခုတည်းသော နိုင်ငံဖြစ်တဲ့ အမေရိကန် ကလည်း ဒုက္ခသည် ခေါ်ယူမှု ရပ်တန့် လိုက်တာကြောင့် နာမကျန်း သူများပင် တတိယ နိုင်ငံ တခုခု သွားနိုင်ဖို့ ခက်ခဲ သွားကြောင်း Alliance of Chin Refugee (ACR) က ၂၀၂၅ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုမုန့်ဘွဲ့ အနေဖြင့် ယခုလို အခြေအနေကြားကနေ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ ပတ်သက်ပြီး အတော်လေး စိုးရိမ် နေခဲ့ ပါတယ်။ မလေးရှား နိုင်ငံကို ခေါ်ယူချင် ပေမယ့် အမျိုးသမီး ဖြစ်သူက CDM လုပ်ထားတဲ့ ဝန်ထမ်း တဦး ဖြစ်တာကြောင့် နိုင်ငံကူး လက်မှတ် ပြုလုပ်ဖို့ အဆင်မပြေခဲ့ ပါဘူး။

“အောက်လမ်း နဲ့ ခေါ်ဖို့ကြတော့ ထိုင်းနိုင်ငံရော၊ မလေးရှား နိုင်ငံမှာပါ နေ့တိုင်း အဖမ်းအဆီးတွေ ရှိနေခဲ့တယ်။ ကျရှုံး နိုင်ငံ ဖြစ်တော့မယ့် မြန်မာပြည်မှာ ကိုယ့် မိသားစုတွေ ရှေ့ရေး မသေချာ မရေရာဘဲ ထားခဲ့ရတာလဲ အဆင်မပြေဘူး။ မခေါ်ပြန်ရင်လည်း မြန်မာပြည်မှာ ဆက်လက် ရုန်းကန်ဖို့က မလွယ်ဘူး” လို့ လည်း မိသားစု အပေါ် စိုးရိမ်ခဲ့ရတဲ့ အခြေအနေကို ပြောကြား ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေးပဋိပက္ခတွေ အဆင်ပြေလာရင် မြန်မာပြည် ပဲ ပြန်လာပြီး မြန်မာပြည်မှာ အခြေချ နေထိုင်ချင် ကြတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မလေးရှားကို တိမ်းရှောင် ထွက်ပြေးလာသူတွေ ထဲမှာ ကိုမုန်ဘွဲ့ တဦး အပါအဝင် ဖြစ်ပါတယ်။ ကျန်းမာရေး ချို့ယွင်းတဲ့ ဒုက္ခသည်တွေကို အများဆုံး လက်ခံပေးတဲ့ အမေရိကန် ကလည်း ဒုက္ခသည်တွေကို ခေါ်ဆောင်မှု ပိတ်ချ ပစ်လိုက်တာကြောင့် ကိုမုန်ဘွဲ့ဟာ တတိယ နိုင်ငံ တခုခု ရောက်ရှိဖို့လည်း မျှော်လင့်ချက် မရှိသလောက် ဖြစ်လာ ပါတယ်။

“မြန်မာ့ နိုင်ငံရေး ပဋိပက္ခတွေ ပြေငြိမ်းလာရင် မြန်မာပြည်ကိုပဲ ပြန်ချင်တယ်။ ဒါပေမယ့် အဲဒီ အချိန်က ဘယ်ချိန် ဖြစ်မယ်ဆိုတာ ပြောလို့ မရဘူးလေ။ ဖြစ်နိုင်ရင် တခြား တတိယ နိုင်ငံ တခုခု ခိုလှုံတာ မျိုးထက် ကိုယ့် နိုင်ငံမှာပဲ အခြေချ ချင်တယ်။ ကိုယ့်ပြည်၊ ကိုယ့်ရေ ကိုလည်း လွမ်းတယ်” လို့ ကိုမုန်ဘွဲ့မှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

မလေးရှား နိုင်ငံမှာ အလုပ်လုပ် တဲ့ အတွေ့အကြုံ၊ ဆေးရုံမှာ အရေးပေါ် လူနာ အဖြစ် ဓားနဲ့ လုပ်ကြံ ခံရပြီး ရက်ရှည် ကုသခဲ့ရသည့် အတွေ့အကြုံ၊ UNCHR ရဲ့ ဒုက္ခသည်ကဒ် ဖြင့် ပိုမို လုံခြုံခဲ့ရတဲ့ အတွေ့အကြုံ၊ အလုပ်လက်မဲ့ ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေ ရင်ဆိုင်နေရတဲ့ ကိုမုန်ဘွဲ့ကတော့ ခရစ္စမတ် ကာလ မှာ အဖွင့်များခဲ့တဲ့ Boney M အဖွဲ့ရဲ့ ဆာလံ ၁၃၇:၁ ကို အခြေခံ ရေးဖွဲ့ထားတဲ့ “By the Rivers of Babylon” သီချင်းဟာ အတော်လေး ခံစားခဲ့ရတယ် လို့လည်း ဆိုပါတယ်။

နွေမိုးဆောင်း မကွဲသော အီကွေတာ ရာသီဥတုအောက်တွင် အခါတော်အရ ခရစ္စမတ် ကာလ ရောက်လာပေပြီ။ ချင်းပြည်ရှိ တောင်ကြောတွေ အပေါ် တည်ထားတဲ့ ကျေးလက်ရွာလေးတွေမှာ ဆောင်းအေးလေပြေနဲ့ အတူ ပျံ့လွင့်နေသော မြူးကြွသော ခရစ္စမတ် တေးသံတို့ကို တောင်ပေါ်လမ်းမှာ ဆိုင်ကယ်စီးပြီး တရွာဝင် တရွာထွက် ခရီးသွားခဲ့ဖူးတဲ့ NGO အလုပ် လုပ်ခဲ့ဖူးသူ ကိုမုန်ဘွဲ့ အနေဖြင့် ပြန်လည် သတိရ လွမ်းဆွတ်လာပါတယ်။ အနွေးထည် ထူထဲစွာ ဝတ်လျက် စည်းချက်နဲ့ အတူ ကလေးများ ကခုန် ပျော်ပါး နေ ကြမည့်ပုံကိုလည်း စိတ်ကူး မျက်စိထဲ ပြန်လည် မြင်ယောင်မိ သွားတယ်။

ဒီဇင်ဘာလ ခရစ္စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်ရဲ့ နေရာအများစုမှာ ဒီနှစ် ၂၀၂၅ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ချင်းပြည်ရဲ့ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီဇင်ဘာ ညချမ်းမှာ အိမ်တကာ လှည့်ပြီး ခရစ္စမတ် သတင်းကောင်း ကြွေးကြော်ပြီး သီချင်းတွေဆို၊ အချင်းချင်း ဆုတောင်းကောင်းချီးပေးတဲ့ Carol Singing ယဉ်ကျေးမှုဟာ ချင်းတောင် မြို့ပြ ဒေသမှာ ပျောက်လို့ မတတ် ဖြစ်ခဲ့ပါတယ်။

ဒီလို ချင်းလူမျိုးတွေအလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ ချင်းလူမျိုး တွေအတွက် အခုလို ဒီဇင်ဘာလ ခရစ္စမတ်ကာလမျိုးမှာ ချင်းပြည်ကိုလွမ်းဆွတ် နေတဲ့အ ဝေး ရောက် ချင်းပြည်သူ တွေအတွက် ရော /ချင်းပြည်မှာ ကျန်ခဲ့တဲ့ ချင်းပြည်သူ တွေအတွက် ကော ဌာနေချင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးပါလာပါတယ်။

နယ်ဝေးရောက်နေသူတွေနဲ့ မြေပြင်ကလူထုကို ခရစ္စမတ်ကာလသတင်းစကားတွေ လက်ဆင့်ကမ်းတာမျိုး/ဒီဇင်ဘာခရစ္စမတ်ကာလ ချင်းပြည်ရဲ့မြင်ကွင်းတွေ ဖော်ပြတာမျိုး၊ခရစ္စမတ်နေ့ ရဲ့တန်ဖိုး၊လူသား တွေရဲ့အပြစ်ကိုယ်စားအ သေခံဖို့ လောကကိုကြွလာတဲ့ ခရစ် တော်ရဲ့သတင်းစကားကိုတိုင်းရင်းသားဘာသာစကားနဲ့ ဖော်ပြပေးဖို့လိုသလို၊ ပျောက်ကွယ်သွားနိုင်တဲ့ ခရစ္စမတ်နဲ့ကျွန်တော်တို့ချင်းလူမျိုး တွေရဲ့ ရိုးရာတန်ဖိုးတွေကိုမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးဖို့လိုပါတယ်။

ချင်းမီဒီယာ တွေဟာ သတင်းပေးရုံတင်မကဘဲ ကျွန်တော်တို့ချင်းပြည်ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းပေးတဲ့ အားတစ်ခုလည်းဖြစ်ဖို့လိုပါတယ်။

အရင်က နှစ်တိုင်းပုံမှန်စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိတဲ့ ခရစ္စမတ်ပွဲကို ချင်းပြည်က ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေကိုယ်တိုင်က ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံနဲ့ချင်းပြည်မှာ နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတွေကြောင့် စည်စည်ကားကား မကျင်းပဖို့ မနှစ် ၂၀၂၄ ခုနှစ်ခရစ္စမတ်ကာလ အထိ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ချင်းပြည်နယ်မှာ လုံခြုံရေးအရအဆင်ပြေတဲ့ ကျေးရွာ အ တော်များများမှာ လူကြီး/လူငယ်/က လေး တွေစုပြီး အိမ်တိုင်းကိုသွားပြီး ခရစ်တော်မွေးဖွားတဲ့အကြောင်း သတင်းကောင်းပါးတာ၊ ခရစ္စမတ်ဆု တောင်း ပေးတာ၊ ခရစ္စမတ် Carol သီချင်းတွေကို အိမ်တိုင်ရာရောက် ညနက်အထိ သီဆိုတာတွေကို Facebook Social Media မှာ ပြန်လည်မြင်တွေ့လာရပြီဖြစ်ပါတယ်။

တီးတိန်မြို့မှာတော့ ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလဟာ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း အသက်ဝင်ဆုံး ခရစ္စမတ် ပြန်ဖြစ်လာပြီး မြို့ဟာ ခရစ္စမတ်ပွဲတော် အသီးသီးနဲ့ ရွာက လာတဲ့ ဈေး ဝယ် သူတွေကြောင့် သက်ဝင် လှုပ်ရှား လာတယ် လို့ Tedim Times က ရေးသားထားပါတယ်။

တီးတိန်မြို့က အသင်းတော်၁ခုရဲ့ အသင်းထောက် လူကြီး ၁ဦးကအခုလိုဆိုပါတယ်။

“တီးတိန်မြို့ရဲ့ ဒီဇင်ဘာညတွေက ဒီနှစ်လည်း တိတ်ဆိတ်နေဆဲပဲ။ မနက်ခင်း နဲ့ နေ့ခင်းဘက်မှာ ခရစ္စမတ် အငွေ့အသက်တွေနဲ့ သက်ဝင်လှုပ်ရှား တာနဲ့တင် မြို့ကြီး ပြန်ရှင်သန် သလို ခံစားရတယ်။ ကလေးတွေရဲ့ ပျော်ရွင်ကြည်နူး ကခုန်နေတာတွေ မြင်ရတာ လူကြီးတွေ အတွက် လုံလောက် ပါတယ်။ ချင်းတောင် ဒေသတိုင်းကလည်း ခရစ္စမတ်ရဲ့ ငြိမ်သက်ခြင်းကို မရရှိနိုင်ကြပေမယ့် လူတိုင်းတော့ လိုလားတောင့်တ ကြမှာ အမှန်ပါပဲ”

ချင်းပြည်မှာ ဒီဇင်ဘာ ညချမ်းတွေမှာ ခရစ္စမတ်ကိုမကြိုရတာ ၅ နှစ်ဝန်းကျင်ရှိခဲ့ပြီမဟုတ်လား? ခရစ္စမတ်ကိုလွမ်းတာကြာလှပြီမလား ??

ခရစ်ယာန် အသင်းတော်ဦးဆောင်သူ ဆရာ တော် ၁ ပါးက “ ခရစ္စမတ်ပွဲကို ချင်းပြည်တစ်ခုလုံးမှာ ခမ်းခမ်းနားနားမကျင်းပဖြစ်တာ ၄ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ရောဂါကြောင့် မလုပ်ဖြစ်တာကတော့ အားလုံးလက်ခံခဲ့ကြတယ်။ နိုင်ငံရေးကြောင့် မလုပ်ဖြစ်တာ၊ စစ်ရေးကြောင့်မလုပ်ဖြစ်တာတွေကတော့ အရမ်းကို ဝမ်းနည်းတယ်။ ဒါပေမယ့် အားလုံးအတွက် အမြဲဆုတောင်းပေးပါတယ်” လို့ပြောပါတယ်။

နိုင်ငံရေး အလှည့်အပြောင်းကြောင့် ၂၀၂၁ ခုနှစ်ကစပြီး ချင်းတောင်တန်းမှာ မမြင်ရတော့တဲ့ ဒီဇင်ဘာ ခရစ္စမတ် Carol Singing အစဉ်အလာ ကတော့ ချင်းတွေရဲ့ နှလုံးသားမှာ ရှင်သန် နေဆဲပဲဆိုတာ ၂၀၂၅ ဒီဇင်ဘာလမှာ ချင်းတောင်တန်းမှာ ပြန်ကြားလာရတဲ့ ခရစ္စမတ် Carol တေးသံ က သက်သေပင်ဖြစ်ပါတယ်။

၂၀၂၅ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကြောင့် ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်း လူစုလူဝေး၊ ပွဲလမ်းသဘင်မပြုလုပ်ဖို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ ဒေသန္တရအမိန့်ထုတ်ကာ တားမြစ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *