
ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကော်မရှင်စစ်တပ်မှထိန်းချုပ်ထားတဲ့ ဟားခါးနဲ့တီးတိန်မြို့မှာသာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမှာဖြစ်ပြီး လူသူကင်းမဲ့တဲ့ ထန်တလန်မြို့အပါအဝင် လက်ရှိမှာ ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ် နှင့် ဖလမ်းမြို့နယ်တွေကတော့ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ နဲ့၃ မှာ ပါဝင်လာမယ်လို့ ချင်းပြည်နယ်ကိုယ်စားပြုပြိုင်မယ့် နိုင်ငံရေးပါတီတွေဆီက သိရှိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း အပြီး ပြုလုပ်သွားမယ်လို့ အောက်တိုဘာ ၁၈ နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြောကြားသွားတယ်လို့ ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် ပါတီများ ထံမှ သိရပါတယ်။
“ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မကုန်ခင် အပြီး ပြုလုပ်သွားမယ် လို့ UEC ဘက်မှ ပြောကြား လိုက်ပါတယ်။ စာနဲ့ မထုတ်ပြန်သေးတာပဲ ရှိပါတယ်။ စာနဲ့ ထုတ်ပြန်လာရင် ရက်စွဲ ပါ ပါလာလိမ့်မယ်” လို့ ချင်းပြည်သစ် ကွန်ဂရက် ပါတီ ပြောရေး ဆိုခွင့် ရသူမှ Chin World ကို ပြောပါတယ်။
တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ တာဝန်ရှိသူ တစ်ဦးကလည်း “ရွေးကောက်ပွဲ အပိုင်း ၁ က ဒီဇင်ဘာလ ၂၈ မှာ ပြုလုပ်မှာ ဖြစ်တယ်။ အပိုင်း ၂ နှင့် ၃ ကိုတော့ ဇန်နဝါရီလ အတွင်း အပြီး ပြုလုပ်သွားမယ်။ ကျန်တဲ့ ဒေသတွေကို တော့ ကြားဖြတ်ရွေးကောက်ပွဲမှပဲ ပြုလုပ်တော့မယ်လို့ UEC ဘက်က ပြောထားတယ်” လို့ Chin World Media ကို ပြောပါတယ်။
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲပထမအသုတ်မှာ စစ်ကော်မရှင် ထိန်းချုပ်မြို့များဖြစ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ တီးတိန်မြို့များပါ၀င်ပြီး မြို့နယ် ၂ ခုပေါင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉၈၉၉ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ဟားခါးမြို့နယ်မှာ မဲပေးနိုင်သူ ၂၇,၄၇၅ ဦး၊ တီးတိန်မြို့နယ်မှာ ၁၂,၄၄၂ ဦးရှိတယ်လို့ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ၊ ဇိုမီး အမျိုးသားပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ နှင့် ခူမီးအမျိုးသားပါတီ တို့မှ လွှတ်တော် သုံးရပ် အတွက် စုစုပေါင်း ကိုယ်စားလှယ် နေရာ ၂၈ နေရာ ကို ကိုယ်စားလှယ်လောင်း ၈၃ ဦး က ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။