

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က ကလေးသူငယ်တွေကို ဦးတည်ပြီး စာသင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေကို တိုက်မှုတွေကြောင့် ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတွေ အားလုံးကို အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို အောက်တိုဘာလ ၈ ရက်နေ့ ညက စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူအထိအခိုက် သေဆုံးမှုတွေ ရှိခဲ့သလို စာသင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်ကို CDF – မင်းတပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ သိမ်းပိုက်ပြီးနောက် မြို့နယ် အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်နေချိန် စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ လုပ်လျက်ရှိနေပါတယ်။