Headlines

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၉ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ မနေ့အောက်တိုဘာလ ၈ ရက်ည ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထင်ချောင်းကျေးရွာက ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး၂၀ ဦး ၀န်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ ထင်ချောင်းက ကျောင်းသား၊ ကျောင်းသူ ၄ ယောက်လောက်က ပွဲချင်းပြီး သေဆုံးတယ်လို့သိရတယ် လက်ရှိ ၂၀ ဦး အထိ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ် ဝမ္မသူးဘက်က အထိအခိုက်တော့ မရှိဘူး ကျောင်းကိုကြဲတာဆိုတော့ ကျောင်းတော့ ပျက်စီးတယ်လို့ သိရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်ထဲက ထင်းချောင်းကျေးရွာက RC ခရစ်ယာန်ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်မှာ မနေ့ညက ကလေးတွေ စာကျက်နေတဲ့အချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တာလို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယခုနှစ်အတွင်းလေကြောင်းကနေ မကြာမကြာ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိကာ အရပ်သားအဆောက်အဦးအမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *