Headlines

တီးတိန်မြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ် ၁၀ ကြိမ် ဆင်းသက်ကာစစ်အင်အားဖြည့်တင်း

အောက်တိုဘာလ ၂၇ ရက်။

တီးတိန်မြို့မှာ မနေ့ အောက်တိုဘာလ ၂၆ နေ့နဲ့ ဒီကနေ့ ၂ ရက် အတွင်း စစ်ကောင်စီတပ်ရဟတ်ယာဉ်များ ၁၀ ကြိမ် ဆင်းသက်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့ တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိရပါတယ်။

“တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေက မနေ့က စပြီး ၂၆၉ တပ်ရင်းက ရဟတ်ယာဉ်ကွင်းမှာ ဆက်တိုက် ဆင်းသက် ခဲ့တာဗျ။ မနေ့က ၅ ကြိမ် လာဆင်းသွားတယ်။ ဒီနေ့လည်း ငါးကြိမ် လာဆင်းသွားတယ်။ နှစ်ရက်အတွင်း ၁၀ ကြိမ် လာဆင်းသွားတယ်” လို့ တီးတိန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ရဟတ်ယာဉ်များ နဲ့ အတူ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး လည်း ပါလာတယ်လို့ တီးတိန်မြို့နေ ပြည်သူများ အတွင်း သတင်းပြန့်နေ ခဲ့ပေမယ့် လူရှေ့ထွက်ပြီး တာဝန်ထမ်းဆောင်တာမျိုးတော့ မတွေ့ရသေးဘူး လို့လည်း တီးတိန်မြို့ ဒေသခံများထံမှ ဆက်လက် သိရှိရပါတယ်။

“ရဟတ်ယာဉ်ဆင်းတော့က ၂၆၉တပ်ရင်းမှာ ဖြစ်တော့ သူတို့ သယ်လာတာ ကိုတော့ ကျွန်တော်တို့ အသေအချာ မသိရဘူး။ တီးတိန်မြို့တွင်းမှာတော့ စစ်သားတွေ အရင်ကထက် လှည့်လည် သွားလာတာ များလာ တယ် ဆိုတော့ စစ်အင်အား ဖြည့်တင်းတာ ဖြစ်မယ်လို့ပဲ မှတ်ယူ ထားပါတယ်” လို့ အဆိုပါ တီးတိန်မြို့ခံမှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

စစ်ကောင်စီ စစ်တပ်က ကလေးမြို့ကနေ ချင်းတောင်ခြေဘက်ကို စစ်အင်အား ဖြည့်တင်းပြီး စစ်ကြောင်း ပြန်လည် ချီတက်လာတာကြောင့် အောက်တိုဘာ ၂၇ နေ့ နေ့လည် ပိုင်းကစပြီး ကလေး-သိုင်းငင်း လမ်းမကြီး နဲ့ ဆက်သွယ်ထားသည့် ဆိုင်ကယ်လမ်း၊ တောလမ်း အားလုံးကို တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin မှ ပိတ်ထား လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *