

DonBosco
“ICNCC နဲ့ ချင်းပြည်ကောင်စီ မကွဲခင်တုန်းက အခြေအနေဟာ အေးအေးဆေးဆေးရှိတယ်။ကျနော်တို့လည်း အဖွဲ့အစည်းတွေဆီက ပညာရေးနဲ့ လူသားစာနာအထောက်အကူနှစ်မျိုးလုံးပုံမှန်ရတယ်။ အကွဲအပြဲဖြစ်ပြီးကတည်းက အထောက်ပံ့တွေ လုံး၀ရပ်ဆိုင်းသွားတယ်”
အဆိုပါစကားကတော့ လောင်တလိုင်စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူဦးဇေယျရဲ့ ဒုက္ခသည်များကြုံတွေ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောတဲ့စကားဖြစ်ပါတယ်။
ချင်းတော်လှန်ရေး အဖွဲ့နှစ်ဖွဲ့ကွဲပြီးနောက်ပိုင်းမှာ ချင်းပြည်ကောင်စီကို ထောက်ခံတဲ့စခန်းတွေက အထောက်အပံ့ရ နေသေးတာမျိုးရှိလျှင် ချင်းညီနောင်အဖွဲ့နဲ့နီးစပ်တဲ့ နေရာမျိုးမှာမည်သည့်အထောက်ပံ့မှ မရတော့တဲ့အနေအထားမျိုး စသည်ဖြင့် ကြုံလာရပြီး ၂၀၂၄ခုနှစ်နောက်ပိုင်း ဒုက္ခသည်စခန်းတွေ အတွက် အများကြီးအကြပ်အတည်းပိုဖြစ်လာတယ်လို့သူကဆိုပါတယ်။
အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ရတဲ့ဒုက္ခသည်များရဲ့ အထောက်အပံ့ရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တဲ့ Exile Hub အဖွဲ့ကတော့ထောက်ပံ့ကူညီမှုကိစ္စများ ဟာ နိုင်ငံရေးဆန်လာတယ်လို့ထောက်ပြပါတယ်။
ဒုက္ခသည်နှင့်နေရပ်စွန့်ခွါပြည်သူနှစ်ရပ်လုံးရဲ့ အနေအထားမှာ ချင်းပြည်နယ်အတွင်းရှိ လူတစ်ဦးတစ်ယောက်၏ ဇာတိရပ်ရွာကို ကြည့်ခြင်းအားဖြင့် ၎င်းပုဂ္ဂိုလ်သည် ချင်းညီနောင်အဖွဲ့ ( Chin Brotherhood) (သို့) ချင်းပြည်ကောင်စီ အစရှိသည့် မည်သည့်နိုင်ငံရေး (သို့) လက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်မှုရှိသည်စသည်ဖြင့် ခွဲခြားလာကြပြီး ထိုသို့ အဖွဲ့အစည်းတိမ်းညွတ်မှုကိုလူမျိုးစု ဆက်နွယ်မှုများ၊ သမိုင်းစဥ်ဆက် သစ္စာခံမှုများ၊ နိုင်ငံရေးအယူအဆတိမ်းညွတ်မှုများဖြင့် လတ်တလောရှင်သန်ရပ်တည်ရေးဗျူဟာများ ပုံဖော်ခြင်းဖြစ်တဲ့အတွက်အထောက်အပံ့ဖြန့်၀ေမှု လုပ်ငန်းစဥ်များသည်လည်း နိုင်ငံရေးဆန်လာခဲ့တယ်လို့Exile Hub အဖွဲ့ကဆိုပါတယ်။
အဆိုပါအကျိုးဆက်အဖြစ် အထောက်အပံ့များ ဖြန့်၀ေတဲ့ အလုပ်ကိုနိုင်ငံရေးဇာတ်သွင်းလာမှုကြောင့် မြေပြင်တွင် နှစ်ဆင့်ခံထောက်ပံ့ရေးစနစ်တစ်ရပ်ပေါ်ထွက်လာခဲ့ပါတယ်။ ဦးဇေယျေပြောပြချက် အရအထူးသဖြင့် ICNCC နဲ့ CB
ဟုသတ်မှတ်ခံရသူများတွင် အထောက်အပံ့များ ရပ်တန့်မှုကြုံတွေ့နေရ တယ်လို့ပြောပါတယ်။
ထိုသို့အထောက်အပံ့များအတွက် အခက်အခဲကြုံလာတဲ့အတွက် စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့နယ်မြေအချို့တွင် နေရပ်ပြန်ရန် အတွက်စိုင်းပြင်းမှုရှိသော်လည်း မြေပြင်တွင်ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့်အတားအဆီးဖြစ်ရပြန်တယ်လို့ မတူပီ ဒေသခံ အလယ်တန်းပြ CDMကျောင်းဆရာတစ်ဦးကပြောပါတယ်။
“ ဒီဖက်မှာ သားသမီးနှစ်ယောက်အပါအ၀င် တစ်မိသားစုလုံး ရှောင်ပြေးလာရတယ်။ဘာသာစကား အခက်အခဲကတစ်ကြောင်း၊ အထောက်အပံ့မရတော့တာကတစ်ကြောင်း၊ကလေးတွေကျောင်းနေဖို့ ကိစ္စကတစ်ကြောင်း၊
အသက်မွေး၀မ်းကျောင်းအတွက်အခက်အခဲဖြစ်လာလို့ မိန်းမနဲ့ကလေး နှစ်ယောက်ကို ဒီနှစ်ကုန်နေရပ်ပြန်ကြရပါမယ်လို့ ကတိပေးခဲ့ပေမယ့် အခုမတူပီဖက်မှာ စကစမရှိ တော့ပေမယ့်အချင်းချင်း ပြသနာပြန်ဖြစ်တော့ ပြန်လို့မရဘူး၊ မိန်းမနဲ့ကလေးတွေကို ကြည့်ပြီးအတော်လေးစိတ်ပင်ပန်းရတယ်၊ ပြန်သွားပြီးမှ နောက်တစ်ခေါက် စစ်ဘေးထပ်ရှောင်ရမယ့်အနေအထားက ဘယ်လိုမှလွယ်တဲ့ကိစ္စမဟုတ်ဘူး” လို့ပြောပါတယ်။
ယခင်က နယ်စပ်တွင် ကလေးများအား ကျောင်းစာသင်ကျောင်းများတွင်စာသင်ပေးခဲ့ရသော်လည်း ပုံမှန်လစာမရခြင်းအပြင် မိသားစုစား၀တ်နေရေးအတွက် အခုအခါကျောက်ထုတ်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်၀င်လုပ်နေတယ်လို့၄င်းကဆိုပါတယ်။
ဦးဇေယျကလည်း ၎င်းတို့ လောင်တလိုင်ရှိ စခန်းတွင် လူဦးရေ ၄၀၀ ခန့်ရှိပြီး လေးလအတွင်း ၃၀ကီလိုဆန်တစ်အိတ်သာ လက်ခံရရှိတဲ့အနေအထားဖြစ်တဲ့အပြင်တော်လှန်ရေးအုပ်စုနှစ်ခြမ်းကွဲခြင်းရဲ့ ကယက်ကြောင့် ချင်းညီနောင်အဖွဲ့နဲ့နီးစပ်တဲ့ စခန်းများမှကျောင်းသား ၁၀၀ ခန့်မှာ ချင်းပြည်ကောင်စီဖွင့်လှစ်တဲ့ စာသင်ကျောင်းများမှာ
တက်ရောက်ခွင့်မရှိဘူးလို့ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားရေးအကူအညီရရှိရေးမှာ အာဏာတည်ဆောက်မှုနဲ့လက်နက်ကိုင် အဖွဲ့များ၏ လွှမ်းမိုးမှုအပေါ်များစွာမှီခိုနေရသည်ဖြစ်ရာ မည်သူမည်၀ါအထောက်အပံ့ရရှိသင့် သည်ဟူသော ကိစ္စများတွင်လည်း ၎င်းတို့၏ သတ်မှတ်ချက်များပြုလုပ်လေ့ရှိလာကြကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများအနေဖြင့် ဤအခင်းအကျင်း တွင် သတိကြီးကြီးဖြင့် လှုပ်ရှားနေကြရပါတယ်။
မြေပြင်မှ ရပ်ရွာအစုအဖွဲ့များသည် နိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အမှန်တကယ်ဖြစ်စေ၊ သွယ်၀ိုက်နည်းဖြင့်ဖြစ်စေ ပတ်သက်မှုရှိနေနိုင်သည်ဆိုသည့်သံသယများကြောင့် အဆိုပါနေရာများတွင် အဖွဲ့အစည်းအနေဖြင့်သွားလာခွင့်ပင်မရှိတော့အပြင် ၎င်းအဖွဲ့အစည်းအနေဖြင့်အထောက်အပံ့များပို့ဆောင်ရန်လည်းကောင်း၊ ကူညီကယ်ဆယ်ရေး အစီအစဥ်များ၏အကျိုးသက် ရောက်မှုကို တိုင်းတာရန်လည်းကောင်းမလွယ်ကူတော့ကြောင်း၊ ဤသို့ဖက်လိုက်မှုယိုယွင်း လာခြင်းသည် ရှေ့တန်းမှ လုပ်ကိုင်ဆောင်ရွက်နေသူများ၏ လုပ်ငန်းကို
အနှောင့်အယှက်ဖြစ် စေတဲ့အပြင် နိုင်ငံရေးအရ အပစ်ပယ်ခံ အစုအဖွဲ့များကြားအဆိုးသံသရာပို၍ လည်လာတယ်လို့ Exile Hub ရဲ့ သုတေသနစစ်တမ်းကထောက်ပြပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်ဖက်ခြမ်းမှစစ်ဘေးတိမ်းရှောင် လာသူ ၃ သောင်းခွဲ၀န်းကျင်ရှိပြီးလက်ရှိစစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေရဲ့ ပြောပြချက်အရ အိန္ဒိယအစိုးရနဲ့ နိုင်ငံတကာ
NGO များထံမှ ရန်ပုံငွေထောက်ပံ့မှုဟာလည်း ယခုနှစ်မှစပြီးလျော့နည်းသွားတယ်လို့ဆိုကြပါတယ်။ ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ အတွင်း USAIDရန်ပုံငွေဆိုင်းငံ့ခံရတဲ့အခါ အကြပ်အတည်းပိုဖြစ်လာခဲ့ပြီး အကူအညီများလျှော့ကျခြင်း၊မဖြစ်မနေဦး စားပေးရမယ့် လုပ်ငန်းများကိုသာ ဦးစားပေးရခြင်းများဖြစ်လာခဲ့ပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်ရှိ ခါနန် စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင် ဦးစိုးလင်းက “နိုင်ငံခြားအထောက် အပံ့ကတော့ သိပ်လာလေ့မရှိတော့ပါဘူး။ တစ်ခါတစ်လေမှပါပဲ။လက်ရှိကျန်နေ သေးတဲ့ ဆန်အိတ်တွေကလည်း အိန္ဒိယအစိုးရထောက်ပံ့ပေးတာဖြစ်ပေမယ့်ဒါနောက်ဆုံးပါပဲ၊ အရင်က Zoram Entu Pawl (ZEP) ကနေ ပေးဖူးတာတော့ရှိတယ်။ ဒါပေမယ့်အဲဒါကလည်း လုံလောက်တဲ့ ပမာဏမဟုတ်ဘူး” လို့ပြောပါတယ်။
အခုလက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ဘဏ္ဍာရေးကြပ်တည်းမှု၊ ၀န်ဆောင်မှုရှားပါးမှု၊ မညီမျှတဲ့ အထောက်အပံ့ရရှိမှုများရဲ့အကျိုးသက် ရောက်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ကြီးမားစွာအကန့်အသတ်များနဲ့ ရင်ဆိုင်နေရပါတယ်။
ဒုက္ခသည်မိသားစု အများစုမှာ ကြီးမားစွာ အကန့်အသတ်များနဲ့ရင်ဆိုင်နေရပြီး နိစ္စဓူ၀စား၀တ်နေရေး အလျင်မီအောင် ရုန်းကန်နေရသည်ဖြစ်၍ အိန္ဒိယ -မြန်မာနယ်စပ်တစ်လျှောက်ရှိ စရိတ်စကကြီးမြင့် လွန်းသောကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရယူရန် မတတ်နိုင်ကြတော့ပါဘူး။
ဆေး၀ါးကုသရေးတွင် နိုင်ငံရေးဆက်နွယ်မှုကိုအခြေပြုပြီး ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့လျစ်လျှူရှုခံရမှုများကြုံရမည်ကို အမြဲတစ်စေစိုးရိမ်နေသည့်အတွက် အချို့သောဖြစ်စဥ်များတွင် စခန်းတွင်နေထိုင်သူများသည် ချင်းပြည်ကောင်စီနှင့်နီးစပ်သည့် CDMဆရာ၀န်များဖွင့်လှစ်ထားတဲ့ ဒေသန္တရဆေးခန်းများအားရှောင်ကျဥ်ရတဲ့အနေအထားလည်းဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။
ထိခိုက်ဒဏ်ရာရ ဒုက္ခသည်များ၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဇုံများမှ ရောက်ရှိလာသူများအတွက် ဆေး၀ါးကုသရေးမှာလည်း လစ်ဟာလျက်ရှိသည့် သေရေးရှင်ရေးအခန်းကဏ္ဌဖြစ် ပါတယ်။ အဆိုပါ လူနာများနဲ့ရေရှည်ကုသရန်လိုအပ်တဲ့ လူနာများအားစဥ်ဆက်မပြတ်ကုသမှု ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင်အရပ်ဖက်အဖွဲ့အစည်း များက အဓိက ကူညီဆောင်ရွက်ပေးလေ့ရှိပါတယ်။ အချို့လူနာများမှာနယ်စည်းမခြား ဆရာ၀န်များအဖွဲ့ (MSF) ထံမှ ကနဦး အရေးပေါ်ကုသမှုခံယူပြီးပိုမိုပြင်းထန်ရှုပ်ထွေးတဲ့ ကုသမှုခံယူရန်လိုအပ်သူများကို အိုင်ဇောလ်နဲ့မီဇိုရမ်ဆေးရုံများသို့ပို့ဆောင်ပေးရပါတယ်။
မီဇိုရမ်တွင် မရနိုင်တဲ့ အထူးကုသမှုများဖြစ်ပါက လူနာများအား ကာလကတ္တားနဲ့နယူးဒေလီများသို့ပို့ဆောင်ရန် လိုအပ်ပါတယ်။ ဤသို့ ဆေးရုံတက်ရက်တွင်လည်းနယ်စပ်ဖြတ်ကျော်ခရီးသွားလာရာ တွင်လည်းကောင်း တရား၀င်
စာရွက်စာတမ်းများလိုအပ်တဲ့အတွက် စာရွက်စာတမ်းမရှိတဲ့ ဒုက္ခသည်များစွာတို့မှာလူနာလွှဲပြောင်းသည့် လုပ်ငန်းစဥ်တွင် အခက်အခဲများနဲ့ကြုံရပါတယ်။
ဦးစိုးလင်းက “၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွေတုန်းက နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) က စခန်းက လူတိုင်းအတွက် အခမဲ့ ဆေးကုသမှုပေးပါတယ်။ ဒါပေမယ့် အခုသူတို့လည်းမပေးတော့ပါဘူး” လို့ပြောပါတယ်။
အထူးသဖြင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသည်များမှာဆေး၀ါးကုသမှု အလုံအလောက်မရပဲ USAID အထောက်အပံ့များဆုံးရှုံးရတဲ့အတွက်ရှိရင်းစွဲ၀န်ဆောင်မှုများပင် လျော့ပါးသွားတယ်လို့ Exile Hub ရဲ့သုတေသနစာတမ်းကဖော်ပြပါတယ်။
Medical Network – Chin ရဲ့ အဖွဲ့၀င် CDM ဆရာ၀န်တစ်ဦးကလည်း “ ကျနော်တို့ကဘာသယံဇာတမရှိတဲ့သူတွေလည်းဖြစ်တော့ အားလုံးက အလှူရှင်တွေနဲ့ပဲသွားနေတာဖြစ်တယ်။ဒါကြောင့် ကျနော်တို့ဘယ်လောက်ထိသွားနိုင်ကြမှာလဲပေါ့။ ပြည်သူလူထုကလည်းအရမ်းကိုပင်ပန်းနေ ကြပြီ။ စစ်ကောင်စီကိုတိုက်ထုတ်ဖို့အတွက်အားကျနော်တို့အများကြီးလည်းကုန်ခဲ့ကြပြီ။ အခုက မိသားစုတစ်စုချင်းစီရဲ့မီးဖိုချောင်အထိရိုက်ခတ်သလို ပညာရေး၊ကျန်းမာရေး၀န်ဆောင်မှုတွေအထိပါရိုက်ခတ်နေတယ်” လို့ပြောပါတယ်။
CDM ကျန်းမာရေး၀န်ထမ်းများအနေနဲ့ မြေပြင်က ပြည်သူများရဲ့ ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေကြပေမယ့်လည်း ထောက်ပံ့မှုအခက်အခဲများရှိလာသည့်ကြားက ချင်းတော်လှန်ရေးအဖွဲ့များကွဲလာခြင်းကကျန်းမာရေး၀န်ဆောင်မှုပေးရာမှာလည်း များစွာအတားအဆီးဖြစ်စေတယ်လို့ဆိုပါတယ်။
Chin Health Organization မှ CDM ဆရာ၀န်တစ်ဦးက “ကျနော်တို့ဟာဆိုရင်လည်း CDMတွေဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေကြတယ်။ အခုအချင်းချင်းမတည့်တဲ့အနေအထားဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ဆောင်ရွက်နေတဲ့ မြေပြင်က ကျန်းမာရေးစောင့်ရှောက်မှုတွေအထိပါရိုက်ခတ်နေတယ်။ ကျနော်တို့အနေနဲ့ပြောရမယ်ဆိုရင် အခုလိုကွဲတာကအဆင်မပြေဘူးဆိုတာ သိသိကြီးနဲ့ ကျနော်တို့ရဲ့ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းကိုလည်းတစ်ဖက် တစ်လမ်းက တောင့်ခံပြီးသွားနေရတဲ့အနေအထားဖြစ်တယ်” လို့ပြောပါတယ်။
CDM Medical Network – Chin က ဇူလိုင်လ (၁၄) ရက်နေ့မှာ ချင်းတော်လှန်ရေးအဖွဲ့များအနေနဲ့တော်လှန်ရေးလုပ်ငန်းဆောင်ရွက်ရင်း ကျန်းမာရေး၊ ပညာရေးနဲ့ ပြည်သူ့၀န်ဆောင်မှုပေးနေတဲ့လုပ်ငန်းများကို အတားအဆီးမပြုလုပ်ကြရန်နှင့် အချင်းချင်းအကြားလက်နက်ဖြင့် သွေးထွက်သံယိုဖြစ်စေသည့်ဖြေရှင်းမှုမျိုးရှောင်ရှားပြီး စားပွဲ၀ိုင်းတွင်အဖြေရှာကြရန် ချင်းတော်လှန်ရေးအဖွဲ့များကို တောင်းဆိုကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
CDM ဆရာ၀န်တစ်ဦးက “ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ရဲ့ရာထူးနေရာ တွေကိုစွန့်ပြီးဒီအာဏာရှင်ကို လက်မခံတဲ့အတွက် ပါ၀င်လာတာဖြစ်တဲ့အတွက် အချင်းချင်းအကြားမှာအခုလိုဖြစ်လာတာကတော့ လုံး၀လက်သင့်မခံတဲ့အနေအထားဖြစ်တယ်။ အခုအချိန်မှာတော့ဘုံရန်သူကိုလည်း တစ်ပြည်နယ်လုံး ကနေ မမောင်းထုတ်နိုင်သေးပဲနဲ့ သူ့နယ်နေ၊ကိုယ့်နယ်မြေတွေသတ်မှတ်ပြီး ထိန်းချုပ်မှုတွေလုပ်လာတာ ကတော့ အမှန်ဆိုရင်အများပြည်သူ၀န်ဆောင်မှုလုပ်လာတဲ့အချိန်မှာလည်း အများကြီးအဟန့်အတား ဖြစ်စေတယ်။ဘာဖြစ်ဖြစ် ရွာသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကအတူတူပဲဖြစ်တယ်။ အဲဒါကိုလက်လှမ်းမီသရွေ့သွားလုပ်ပေးဖို့တွေမှာကအစ အတားအဆီးဖြစ်နေတာကတော့မဖြစ်သင့်ဘူးပေါ့” လို့ပြောပါတယ်။
ဒုက္ခသည်များ ဦးစီးဦးရွတ်ပြုတဲ့ စာသင်ကျောင်းများမှာလည်း အခုအခါရန်ပုံငွေမလုံလောက်ခြင်း၊ စေတနာ့၀န်ထမ်းများကိုသာ အခြေပြု၍ လည်ပတ်နေရခြင်းသလိုဆရာဆရာမများအနေဖြင့်လည်း ဥာဏ်ပူဇော်ခအဖြစ် ရူပီးငွေ ၂၀၀ – ၃၀၀ ၀န်းကျင်ကိုသာမှီခိုနေရတဲ့အခြေအနေနဲ့ကြုံတွေ့ နေရပါ တယ်။
CDM ကျန်းမာရေး၀န်ထမ်းဖြစ်သူတစ်ဦးပြောပြချက်အရ ၂၀၂၂ ခုနှစ်မှာမီဇိုရမ်ပြည်နယ်အတွင်း ဒုက္ခသည်ကျောင်းပေါင်း ၃၃ ကျောင်းထူထောင်ဖွင့်လှစ်ခဲ့ပြီး CDMဆရာ၊ ဆရာမ ၆၀၀ ဖြင့် ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄၀၀၀ ခန့်ကိုပညာသင်ကြားပေးသော်လည်း အခုအခါ ကျောင်း အများစုကိုပိတ်လိုက်ရပြီး ၂၀၂၄ ခုနှစ်၊
နို၀င်ဘာလအတွင်း စာသင်ကျောင်းငါးကျောင်းသာ လည်ပတ် နိုင်တော့တယ်လို့ဆိုပါတယ်။
ကျောင်းဆရာမတစ်ဦးက “ ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းများဟာ NUGရဲ့ကွပ်ကဲမှုအောက်မှာ ဆက်လက်လည်ပတ်နေပြီး ဒေသခံများရဲ့ အလှူများနဲ့အတူအထက်တန်းပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးပါတယ်” လို့ပြောပါတယ်။
စာသင်ကျောင်းများမှာ ရှင်းလင်းပြတ်သားတဲ့မူ၀ါဒလမ်းကြောင်းမရှိပဲ ရန်ပုံငွေနဲ့အရင်းအမြစ်များ ရှားပါးပြတ်လပ်ခြင်းနဲ့ရင်ဆိုင်နေရအကြောင်း၊ မီဇိုရမ်အစိုးရကျောင်းများကိုတက်ရောက်ခွင့်ရှိတယ်လို့ ဆိုသော်လည်း ဘာသာစကားနဲ့သွားလာရေးအခက်အခဲများကြောင့်ဒုက္ခသည်မိသားစုများမှာ အရင်းအမြစ်လုံလောက်မှုမရှိတဲ့ NUG ကျောင်းများကိုသာ ရွေးချယ်တက်ရောက်နေရပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားမှုမှသည်၀န်ဆောင်မှုလုပ်ငန်းများတွင် အတားအဆီးအခက်အခဲများရှိလာတဲ့အနေအထားကနေကျောင်းသူ၊ ကျောင်းသားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကိုယ့်အချင်းချင်းအကြားခွဲခြားဆက်ဆံမှုမျိုး ဖြစ်သည်အထိ သက်ရောက်မှုမရှိစေချင်ဘူးလို့ ထန်တလန်မြို့နယ်၊ကျေးရွာတစ်ရွာရှိ ကိုယ်ထူကိုယ် ထကျောင်းတွင် စာသင်ပေးလျက်ရှိတဲ့ကျောင်းဆရာတစ်ဦးကပြောပါတယ်။
သူက “ကျနော်တက္ကသိုလ်ကျောင်းသားဘ၀ဖြစ်ဖြစ်၊ ဆရာဖြစ်လာတဲ့အချိန်ဖြစ်ဖြစ် we are one in Chin ဆိုတဲ့ဆောင်ပုဒ်အတိုင်းပဲ လက်ခံကျင့်သုံးနေခဲ့တာဖြစ်တယ်။ ကျနော်တို့တစ်သင်းတစ်ဖွဲ့ အနေနဲ့သွားနေလို့ရတာမဟုတ်ဘူး။ ဒါကြောင့် လူငယ်တွေအထိအချင်းချင်းကြားပဋိပက္ခရဲ့ကယက်ကို လက်ဆင့်မကမ်းစေချင်ဘူး။
ကျနော်ကျောင်းဆရာသက်တမ်းတစ်လျှောက် မလုပ်နိုင်ခဲ့ရင်တောင် လူငယ်တွေကိုတော့ we are one in Chin ဆိုတာမျိုးကိုပဲလက်ဆင့်ကမ်းစေချင်တယ်” လို့ပြောပါတယ်။
ထိုသို့မြေပြင်အခြေအနေများအတွင်း စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်နဲ့ပတ်သက်ပြီးနိုင်ငံတကာရောက် အလှူရှင်များရဲ့ ရန်ပုံငွေရှာပုံရှာနည်းဟာလည်း တစ်ဖက်တစ်လမ်းကအကျိုးသက်ရောက်စေတယ်လို့ ချင်းဒုက္ခသည်များအရေးနဲ့ပတ်သက်ပြီး သတင်းရေးသားဖော်ထုတ်လျက်ရှိသူ သတင်းသမားတစ်ဦး ကထောက်ပြပါတယ်။
“အခုလိုမျိုးပိုပိုဆိုးလာတာက တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးနေတဲ့ Funraisingအဖွဲ့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို ရန်ရှာ၊ ရန်စတဲ့အသုံးအနှုန်းတွေနဲ့ကိုယ့်ပရိတ်သတ်ဆီကအလှူငွေရဖို့ ချည်းကပ်လာ တဲ့အချိန်မှာ ဆိုးရွားတဲ့အခြေအနေကပိုပြင်းထန်လာတယ်။ အရင်က တစ်ဖွဲ့တည်းကနေအခုက ဟိုဖက်ဒီဖက်တစ်လှည့်စီပြန်ချနေတာနဲ့ မပြီးတော့ဘူး။ အဲဒါကအတော် လေးကို ဆိုးဆိုးရွားရွားသက်ရောက်စေတယ်” လို့ပြောပါတယ်။
ချင်းအရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးကလည်း “အရင်ကတည်းက ကျနော်တို့မှာအချင်းချင်းအကြား ခွဲခြားဆက်ဆံတဲ့အလေ့အထရှိတဲ့ဟာကို အခုထိ ဆက်လက်သယ်ယူနေတဲ့ပြသနာကြောင့် အခုလိုမျိုးနောက်ဆက်တွဲအထိပါလာတာဖြစ်တယ်။ ဒါကို အခြေခံကျကျအဖတ်ပြန်ဆယ်ဖို့ဆိုရင် အချင်းချင်းအပြန်အလှန်လေးစားမှုကနေစမှ အခုအတူရင်ဆိုင်နေရတဲ့ပြသနာတွေကို အတူဖြေရှင်းနိုင်မှာဖြစ်တယ်။ အချင်းချင်းကြားထဲမှာ
နိုင်ငံရေးလှည့်ကွက်တွေသုံးပြီး နောက်ကျောကနေဓားနဲ့ထိုးတာမျိုးလုံး၀ မဖြစ်စေချင်တော့ဘူး”လို့ပြောပါတယ်။
ဒုက္ခသည်များအကူအညီပေးရေး၊ အချင်းချင်းအကြားဖြစ်ပွားနေတဲ့ပဋိပက္ခအရေးများနဲ့ပတ်သက်ပြီး လက်ရှိအနေအထားဟာ ချင်းဆိုတဲ့ဘုံတူညီမှုပျောက်ဆုံးသည်အထိဖြစ်လာတယ်လို့ သံရုံးတစ်ခုတွင်တာ၀န်ထမ်းဆောင်လျက်ရှိသူ ချင်းတိုင်းရင်းသားတစ်ဦးကပြောပါတယ်။
သူက “ အခုဆိုရင် ချင်းဆိုတဲ့ဘုံတူညီမှာအတူတူမတွေ့နေရတော့ဘူး။ပြသနာအားလုံးရဲ့ခံစားချက် တွေအတွက်
ဘုံတူညီမှုဆိုတဲ့အရာပျောက်ဆုံးနေတယ်လို့ခံစားရတယ်။ ဘာကိစ္စဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ချင်းလူမျိုးတစ်ခုတည်းဆိုတဲ့ တူညီမှုကနေ ဘယ်အရာမဆိုချည်း ကပ်တာမျိုး ဖြစ်ဖို့လိုတယ်”လို့ပြောပါတယ်။
ချင်းအရေးနဲ့ပတ်သက်ပြီး စနစ်တစ်စုံလုံးဆိုင်ရာ အပြောင်းအလဲ မဖြစ်ပေါ်ပါက အိန္ဒိယ -မြန်မာ နယ်စပ်တစ်လျှောက်နေရပ်စွန့်ခွါပြည်သူများအနေဖြင့် မလူးမလွန့်သာအညိုရောင်နယ်မြေအတွင်း ဆက်လက်နေထိုင်ရအုံးမည်ဖြစ်ပြီး လုံလောက်မှုမရှိတဲ့နယ်စပ်ဖြတ်ကျော် အကာအကွယ်နဲ့ ဒေသန္တရထောက်ပံ့ကူညီရေးအဖွဲ့များ၏
အစိတ်စိတ်အမွှာမွှာ သွေးစည်းညီညွတ်မှုများအကြားတွင် ကြားညှပ်နေအုံးမှာဖြစ်တယ်လို့ Exile
Hub အဖွဲ့ကထောက်ပြပါတယ်။





