
ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီခွဲမှာမကွေးတိုင်း၊ ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို စစ်ကောင်စီရဲ့နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)က ဒရုန်းဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် (၈၈) နှစ်အရွယ် ဒေသခံ အမျိုးသမီးကြီး ၁ ဦးသေဆုံးပြီး အသက် (၂၀) ရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho)က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) မှ စစ်ကောင်စီတပ်ဖွဲ့က နတ်ရေကန် (ဗျူဟာကုန်း) အောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာမှာရှိတဲ့ ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ယုတ်မာရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား အခုလို သေဆုံးခဲ့ရတယ်လို့ CDF-Asho က ဆိုပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ မိဘပြည်သူလူထု၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရကြောင်း နဲ့ နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်ကာ လူသားမျိုးနွယ်ပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း CDF-Asho က ထုတ်ပြန်ထားပါတယ်။