

ဇွန်လ ၁၆ ရက်။
ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှာ လျှပ်စစ်မီးမရ ပြတ်တောက်နေတာ ၃ လ ကျော်ကြာလာပြီဖြစ်ပြီး ဒေသခံတွေဟာ ဖုန်း၊ ကွန်ပျူတာ၊ ပါဝါဘဏ်တွေကို အားသွင်းဖို့ ပိုက်ဆံပေးနေကြရတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးစပျက်ကတည်းကနေ ဖုန်းတို့၊ ကွန်ပျူတာတို့၊ ပါဝါဘဏ်တို့ကို ပိုက်ဆံပေးပြီး အားသွင်းနေကြရတယ် အထူးသဖြင့် ဆိုလာမရှိသူတွေပေါ့ မီးပြတ်တာက မတ်လလောက်ကတည်းကဆိုတော့ ၃ လ ကျော်ရှိနေပြီ ” လို့ပြောပါတယ်။
အားသွင်းရာမှာ ကွန်ပျူတာတစ်လုံးအတွက် ကျပ် ၅၀၀၀ ၊ ဖုန်းတစ်လုံး – ၁၅၀၀ ကျပ်နဲ့ ပါဝါဘဏ် အရွယ်အစားပေါ်မှုတည်ပြီး သုံးထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိ ရှိတယ်လို့လည်း သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့ ဟားခါးမြို့မှာ လျှပ်စီးမီးလည်းမရတာတွေကြောင့် မီးသွေးဈေးနှုန်းတွေလည်း ဈေးတက်နေလျက်ရှိနေပါတယ်။
တိုက်ပွဲတွေပဋိပက္ခတွေကြောင့် ဟားခါးမြို့ကို ချင်းပြည်နယ်တခြားမြို့နယ်ဒေသအသီးသီးကနေ စစ်ဘေးရှောင်လာသူတွေလည်း လူထောင်နဲ့ချီရှိပြီး အခုလိုလျှပ်စစ်မီးမရှိတာတွေကြောင့် ၎င်းတို့ရဲ့ နေထိုင်၊ စားသောက်ရေးအတွက်လည်း များစွာ အခက်အခဲရှိကြတယ်လို့ သိရပါတယ်။
မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်အများစုကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါးမြို့နဲ့ တီးတိန်မြို့ ၂ ခုကိုသာ စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
ဟားခါးမြို့ကိုသွယ်ထားတဲ့ မဟာဓာတ်အားလိုင်းဟာ ကျော – ဂန့်ဂေါကြားက 66 KV မှာ ပြီးခဲ့တဲ့ မတ်လကတည်းက ပျက်စီးနေတာဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းတွေ သွားပြုပြင်ဖို့ကလည်း အသွားအလာ လုံခြုံ ေရးအဆင်မပြေသေးတာကြောင့် ယခုအချိန်ထိ မီးမရတာလို့လည်း ဟားခါးမြို့ဒေသခံတွေဆီကနေသိရပါတယ်။