Headlines

ရွေးကောက်ပွဲအလွန် မှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီး ဖက်တွယ်ကာ လုပ်ဆောင်နေမယ်ဆိုရင် ဒီမိုကရေစီနဲ့ သွေဖယ်နေတာကို သတိပြုကြဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပြော

ဇွန်လ ၂၅ ရက်။

ရွေးကောက်ပွဲအလွန် လွှတ်တော်ပေါ်လာပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနိုင်တဲ့ချိန်မျိုးမှာ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ ဒေသစွဲ ကာ မိမိတို့ ဆန္ဒကိုယ်သာ ဦးစားပေးလုပ်ဆောင်နေတာဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ်ဆိုတာ သတိပြုကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ နေပြည်တော်မှာ စတင်ကျင်းပတဲ့ Peace Forum အခမ်းအနားဖွင့်ပွဲမှာ ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွှတ်တော်ပေါ်ပေါက်လာပြီး ကျနော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနိုင်တဲ့အချိန်ခါမျိုးမှာ လက်နက်ဆွဲကိုင်ပြီး မိမိတို့လိုလားချင်တာကို တောင်းဆိုတာမျိုး လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲဒေသစွဲ ဖြင့် မိမိတို့ ဆန္ဒကိုယ်သာ ဦးစားပေးလုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ် မှန်ကန်တဲ့လမ်းစဉ်ဟုတ်ဘူးဆိုတာကိုလည်း အလေးနက်သတိပြုကြစေလိုပါတယ် မိမိတို့လိုလားချက်တွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုဆောင်ရွက် သွားကြရမှာလည်းဖြစ်ပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မူလရည်မှန်းထားသည့်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြီး ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 ကို ဇွန်လ ၂၅ ရက်ကနေ ဇွန်လ ၂၇ ရက်အထိ ၃ ရက်တာကျင်းပမှာဖြစ်ပြီး လက်နက်ကိုင်အဖွဲအစည်းများ၊ နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲအစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၊ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း အပါအဝင် နိုင်ငံခြားသံတမန်များ အစရှိသည့် အလွှာအသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လအချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *