
မေလ ၉ ရက်။
Myanmar Star Season 2 Grand Final သီချင်းဆိုပြိုင်ပွဲကို မေလ ၉ ရက်ည ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး ပလက်၀သား ချင်းတိုင်းရင်းသား Ephraim Kyaw Oo မှ Winner ဆု ရရှိ ဆွတ်ခူးခဲ့ကာ Nan Ni မှ First Runner up ကို လည်းကောင်း၊ ချင်းတိုင်းရင်းသူ Hoihpi မှ Second Runner up ကို လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ ကြောင်း တိုက်ရိုက် ထုတ်လွင့်မှုများ အရ သိရှိရပါတယ်။
Myanmar Season 2 ရဲ့ Grand Final ကို English Song Week, Popular Song Week, ကိုယ့်ဘဝနဲ့ သက်ဆိုင်သော သီချင်း Week နဲ့ Grand Final ည ဆိုပြီး အပိုင်း လေးပိုင်း အဖြစ် ကျင်းပခဲ့ကာ Ephraim Kyaw Oo, Hoihpi, Nan Ni, Saw Myo Razar Kyaw, KD Seng Awng နှင့် Ngwa Chay Tar တို့ ၆ ဦး ယှဉ်ပြိုင်ခဲ့ကြ ပါတယ်။
Grand Final ညကို အပိုင်း သုံးပိုင်း နဲ့ ကျင်းပခဲ့ပြီး ပထမပိုင်း မှာတော့ မြန်မာ့ဂီတ အစည်းအရုံး ဥက္ကဌ ဦးမြင့်လွင် မှ အဖွင့်မှာ စကားပြောကြား ခဲ့ပြီး Grand Final ပြိုင်ပွဲဝင် ၆ ဦးမှ Myanmar Star Season 2 ရဲ့ Winner Song ဖြစ်တဲ့ တေးရေးဆရာ ဝေကြီး ရေးသားခဲ့တဲ့ မင်းရှင်သန်ရ အုံးမယ် ဆိုတဲ့ သီချင်းကို ကိုယ့် ကိုယ်ပိုင်ဟန် ဖြင့် အသီးသီး ယှဉ်ပြိုင် သီဆိုဖျော်ဖြေ သွားခဲ့ ပါတယ်။ ဒုတိယ အပိုင်း မှာတော့ Myanmar Star Season 2 Top 10 ဝင်များ၊ Myanmar Star Season 1 winner များ နှင့် အဆိုတော် မေခလာ ဦးဆောင်ပြီး Myanmar Star ပြိုင်ပွဲဝင်များ မှ ဖျော်ဖြေ သွားခဲ့ ပါတယ်။
တတိယမှာတော့ Season 2 Winner ကို ကြေငြာ ချီးမြှင့် ခဲ့ကာ Ephraim Kyaw Oo မှ Winner ဆု ဖြစ်တဲ့ ကျပ် သိန်း ၁ ထောင် ကို လည်းကောင်း၊ Nan Ni မှ First Runner ဆုဖြစ်တဲ့ သိန်း ၄၀၀ ကို လည်းကောင်း၊ Hoihpi မှ Second Runner ဆု ဖြစ်တဲ့ ကျပ် သိန်း ၁၀၀ ကို လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ ပါတယ်။
Myanmar Star အနေဖြင့် Season 2 ရဲ့ Grand Final ပွဲကြီးကို ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မန္တလေး ငလျင် ဘေး ဖြစ်ပွား ခဲ့တဲ့ အတွက် Grand Final ပွဲကို မေလ ၉ ရက်နေ့ည မှာ ရက်ပြောင်းရွေ့ ကျင်းပသွား ခဲ့တာ ဖြစ်ပါတယ်။
Myanmar Star Season 2 မှာတော့ ယှဉ်ပြိုင်သူ ၄၀၀၀ ကျော် ရှိခဲ့ရာမှ အဆင့်ဆင့် ရွေးချယ် ခဲ့ပြီး Judge Audition ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် MICT Park ရှိ Myanmar Star Studio မှာ စတင်ပြုလုပ်ခဲ့ကြကာ လက်ရှိ မှာ အဆင့်ဆင့်ကို ယှဉ်ပြိုင် လာခဲ့ရမှ မေလ ၉ ရက်နေ့မှာ Grand Final ပွဲကြီး ကို ကျင်းပ လာခဲ့ ခြင်း ဖြစ်ပါတယ်။
အကဲဖြတ် ဒိုင် အဖြစ် တေးရေးဆရာ စောခူဆဲ၊ အဆိုတော် မေခလာ နှင့် အနုပညာရှင် ဇင်အောင် ရာ ကနေ ပြိုင်ပွဲ အဆုံးပိုင်းမှာ အဆိုတော် မေခလာ အစား အဆိုတော် ရေဗက္ကာဝင်း က လည်းကောင်း၊ တေးရေးဆရာ စောခူဆဲ အစား ဆရာ ဥက္ကာဦးသာ က လည်းကောင်း ဆောင်ရွက် လာခဲ့ ကြောင်း တိုက်ရိုက် ထုတ်လွင့်မှုများ ကနေ တွေ့ရှိ ခဲ့ရ ပါတယ်။ Program ဒါရိုက်တာ အဖြစ် တေးရေးဆရာ မြင့်မိုးအောင် က ဆောင်ရွက်ခဲ့ ပြီး vocal coach အဖြစ် ဆရာမ Tracy က ဆောင်ရွက်ခဲ့ တယ် လို့လည်း Myanmar Star ရဲ့ ဖော်ပြချက်များ အရ သိရှိရပါတယ်။
ပါဝင် ယှဉ်ပြိုင်ခွင့် နဲ့ပတ်သက်ပြီး အရည်အချင်း သတ်မှတ် ရာမှာတော့ အသက် ၃၀ နှစ် အောက် ရှိသူ၊ လက်ရှိတွင် မြန်မာပြည် အတွင်း နေထိုင်သူ ဖြစ်ရမည်ဟု သတ်မှတ် ထားပြီး ယှဉ်ပြိုင်ရာမှာတော့ မြန်မာ သီချင်း (သို့မဟုတ်) အင်္ဂလိပ် သီချင်း ကို ဆိုရမှာ ဖြစ်တယ် လို့လည်း ကြေငြာ ချက် အရ သိရှိခဲ့ ရပါတယ်။
အမှတ်ပေးခြင်း နဲ့ ပတ်သက်ပြီး ဒိုင် အမှတ် ၅၀% နှင့်ပရိသတ် voting အမှတ် ၅၀% ပေါင်းပြီး အဆုံး အဖြတ်ပေးတဲ့ စနစ်ကို အသုံးပြုကြောင်း အစီအစဉ် တင်ဆက်သူရဲ့ ပြောကြား ချက် အရ သိရှိရပါတယ်။




