CDF-Tonzang ရဲ့ အမိန့်ကြောင့် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာသား အားလုံး နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရလို့ ဒေသခံများဆို 

မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် တွန်းဇံမြို့နယ်၊တွီးတွမ်ရွာရှိ  ရွာသားအားလုံး ထွက်ခွာရန် CDF-Tonzang မှ အမိန့်ပေးသည့် အတွက် ရွာအတွင်းတွင် မည်သူမျှ မနေရဲတော့ဘဲ စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တွန်းဇံ မြို့နယ်မှ ဒေသခံများထံမှ သိရှိရပါတယ်။ 

“မေလ ၈ ရက်နေ့  နေ့လည် ၁၂ နာရီ နောက်ပိုင်း တွီးတွမ်ရွာမှာ ဘယ်သူမှ မနေရ ဆိုပြီး CDF-Tonzang ဘက်က အမိန့်ထုတ်တာကြောင့် ရွာမှာ ကျန်နေသေးတဲ့ ရွာသားတွေ အားလုံး ရွာကို စွန့်ခွာ ခဲ့ရတယ်။ အခု ကျန်နေသေးတဲ့ လူတွေက တခြား ခိုလှုံစရာ မရှိလို့ ရွာမှာ သောင်တင်တဲ့ အဖွဲ့ တွေပါ။ ကိုယ့်အိမ်၊ ကိုယ့်မြေ၊ ကိုယ့်ရွာ ကနေ အခုလို နှင်ထုတ် ခံရတော့ အတော်လေး ဝမ်းနည်းမိတယ်” လို့ တွန်းဇံမြို့နယ်မှ လူငယ် တစ်ဦး က ပြောပါတယ်။ 

တွီးတွမ်ရွာဟာ တွန်းဇံမြို့ရဲ့ မြောက်ဘက် အဝင်ဝ ရှိ မြို့နဲ့ ကပ်ရက် တည်ရှိသော ရွာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၆ နေ့တွင် စတင်ခဲ့သော တွန်းဇံမြို့သိမ်း တိုက်ပွဲ ကာလတွင် CC ပူးပေါင်း တပ်ဖွဲ့များ မြို့တွင်းသို့ ဝင်ရောက် ထိုးစစ် ဆင် နိုင်ရန် ဖြတ်သန်းခဲ့ရသည့် ရွာဖြစ်သလို၊ ZRA-EC တပ်ဖွဲ့များ မှ တွန်းဇံမြို့တွင်းသို့ ချီတက် ထိုးစစ်ဆင် ရာတွင်လည်း ဖြတ်သန်းခဲ့ရသည့် ရွာလည်း ဖြစ်တယ်လို့ တွန်းဇံ ဒေသခံ တစ်ဦးထံမှ တွီးတွမ်ရွာရဲ့ ပထဝီ အနေအထားကိုလည်း သိရှိရပါတယ်။ 

“ပြီး ခဲ့တဲ့ တစ်ပတ် ကျော်ကျော် တုန်းက ရွာမှာ ရှိတဲ့ ZYA-Tuitum အသင်းရဲ့ Ambulance ကားကိုလည်း CDF-Tonzang က သိမ်းသွားခဲ့တယ်။ ကားက မပြင်နိုင်တာ၊ အသုံးမပြုတာ ကြာတော့ စက်တောင် နိုးလို့ မရဘူး။ ကားကြီး တစ်စီးနဲ့ ဆွဲပြီး တွန်းဇံမြို့ထဲကို ယူသွားခဲ့တယ်။ ဘာကြောင့် ဆိုတာတော့ ကျွန်တော်တို့ ဟုတ်တိ ပတ်တိ မသိရဘူး” လို့လည်း ရက်ပိုင်း အတွင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွီးတွမ်ရွာ သား ထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။  “အခုဆို ရွာမှာ ဘယ်သူမှ မနေရှိတော့ဘူး။ မနေရဲ တော့ဘူး။ အိမ်တွေ၊ ယာတွေကို ဒီတိုင်း ထားခဲ့ရတယ်။ နီးစပ်ရာမှာပဲ ဖြစ်သလို ခိုလှုံနေရ ပါတယ်” လို့ အဆိုပါ တွန်းဇံမြို့နယ်မှ လူငယ်မှ ဆက်လက် ပြောပြပါတယ်။

  ၁၈၇၀ ခုနှစ်တွင် တည်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ တွီးတွမ် (Tuitum) ရွာဟာ၂၀၂၄ မေလ တွင် ဖြစ်ပွားခဲ့တဲ့ CC ပူးပေါင်းတပ်ဖွဲ့၏ တွန်းဇံမြို့သိမ်း တိုက်ပွဲ မတိုင်ခင် ကာလတွင် အိမ်ခြေ ၈၀ ခန့် အထိ ရှိခဲ့တဲ့ ရွာ ဖြစ်တယ်လို့လည်း ထပ်မံ သိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *