Headlines

မလေးရှားနိုင်ငံမှာ မနေ့က အထောက်ထားမရှိတဲ့ ချင်းလူမျိုး ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီး

မေလ ၂၃ ရက်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ မနေ့ မေလ ၂၂ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်မှာ အထောက်ထားမရှိ နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးအယောက် ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။

မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ နိုင်ငံခြားသား ၁၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး အထောက်ထားမရှိသူ ၅၉၇ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အထောက်ထားမရှိ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား ၂၂၆ ဦး၊ အင်ဒိုနီးရှား (၂၀၁) ၊ ဘင်္ဂလားဒေ့ရှ် (၇၁) ဦး၊ ပါကစ္စတန် (၄၆ ) ဦး၊ နီပေါ (၄၄) ဦး၊ အိန္ဒိယနိုင်ငံသား (၈) ဦးနဲ့ ထိုင်းလူမျိုး ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရောက် ချင်းလူမျိုးတစ်ဦးပြောတာက ” အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲကနေ အယောက် ၁၀၀ ကျော်လောက်က ဇိုမီးတွေလို့ သိရတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ UN လျှောက်ထားတဲ့သူဆိုရင် UN ရုံးရယ်၊ သက်ဆိုင်ရာကော်မတီကနေ လိုက်ပါကူညီဆောင်ရွက်ပေးရင် ပြန်လွတ်မယ်ထင်တယ်၊ UN လျှောက်ထားတာလည်းမရှိ ဘာအထောက်အထားမှ မရှိတဲ့သူက ဖမ်းဆီးခံရမလား၊ မြန်မာပြည်ချက်ခြင်းပြန်ပို့ခံရမလားမသိဘူး” လို့ Chin World Media ကိုပြောပါတယ်။

မလေးရှားမှာ အထောက်ထားမဲ့နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ထောင်မချတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တာတွေကို မေလ ၁၉ ရက်နေ့ကနေစလို့ စတင်ကျင့်သုံးတော့မယ်လို့ မလေးရှားအာဏာပိုင်တွေက စီစဉ်နေကြောင်းကိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *