
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခဝဲကျေးရွာ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတစ်ပါး၊ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးအပေါ် အာရက္ခတပ်တော်(AA )အရာရှိတစ်ဦးက အကျိုးကြောင်းမဲ့ အကြိမ်ပေါင်းများစွာ ရိုက်နက်ထိုးကြိတ်မှု ကျူးလွန်ခဲ့ခြင်းပေါ် ပြင်းထန်စွာ ရှုပ်ချတယ်လို့ Global Khumi Organization (GKO)အဖွဲ့က မေလ ၂၃ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (MBC) အသိမှတ်ပြု သိက္ခာတော်ရဆရာတော် လိုဒိန်းဟာ ပလက်ဝနှစ်ခြင်းခရစ်ယာန်အဖွဲ့လက်အောက်ရှိ ပီချောင်းနှစ်ခြင်းအသင်းတော်များ ဧရိယာ ( PBCA) ရဲ့ ဥက္ကဌလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာတော်လိုဒိန်းဟာ ခဝဲကျေးရွာကနေ ၃ နာရီခန့် ခြေကျင်သွားရတဲ့ ဆက်ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ဘာသာရေးသင်တန်းပေးခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ခဲဝဲကျေးရွာကို အပြန် ယင်းည ၈ နာရီဝန်းကျင်လောက်တွင် AA ရဲဘော် ၂ ဦးက သူတို့စခန်းခေါ်ဆောင်သွားခဲ့ပြီးနောက် AA တပ်ရင်းမှူးက သေနက်နဲ့ချိန်ရွယ်ပြီး ထိုးကြိတ်တာ၊ ခြေတောက်နဲ့ ကန်တာတွေကို သေလုမျောပါးဖြစ်အောင် လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ထိုးကြိတ်ဒဏ်ရာမပျောက်ကင်းဘဲ လွတ်မြောက် တစ်နေရာမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် AA အနေနဲ့ ပြည်သူတွေအပေါ် မင်းမဲ ၊ အာဏာရှင်၊ လူမိုက်ဆန်ဆန် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းနဲ့ အခြေခံလူ့အခွင့်အရေးတွေကို မကြာခဏကျူးလွန်တာကြောင့် များစွာသောပလက်ဝဒေသခံပြည်သူများ အထူးသဖြင့် လူငယ်၊ လူလတ်ပိုငးတွေ မိမိဒေသမှာ မနေထိုင်ရဲဘဲ တခြားဒေသတွေမှာ ထွတ်ပြေးတိမ်းရှောင်နေရသလို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်း ထွက်ပြေးတိမ်းရှောင်သူ အနည်းဆုံး ၄၀၀၀ ခန့် ရှိပြီး မိမိရပ်ရွာကို စွန့်ခွာထွက်ပြေးသူတွေ ဆက်လက်ရှိနေသေးတယ်လို့လည်း GKO က ထုတ်ပြန်ပါတယ်။

