Headlines

တီးတိန်မြို့က လဝကရုံးမှာ မှတ်ပုံတင် ကဒ်ပြား ပြန်လည် ထုတ်ပေး၊ မှတ်ပုံတင် လျှောက်ထားသူ ပြည်သူများပြား

မေလ ၁၄ ရက်။

မေလ ၁၂ ရက်နေ့ကနေ စပြီး တီးတိန် ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ရုံးကနေ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်)လျှောက်ထား ပြုလုပ်ခွင့် ပြန်လည် ဆောင်ရွက် ပေးတဲ့ အတွက် ရာနဲ့ ချီတဲ့ ပြည်သူ များ တန်းစီ ပြီး မှတ်ပုံတင် လျှောက်ထားလျက် ရှိကြောင်း တီးတိန်မြို့နေ ပြည်သူများထံမှ သိရှိရ ပါတယ်။

“တော်လှန်ရေး အဖွဲ့တွေက မြို့နယ် လဝကရုံးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မီးရှို့ခဲ့ ဖူးတယ်။ ပြီးတော့ PDF-Zoland တပ်ဖွဲ့တွေက ခရိုင် လဝကမှူးကို အရင်နှစ် ဧပြီလ ၁၄ ရက်မှာ စစ်မှုထမ်းမယ့် စာရင်း ကောက်ပေးတယ် ဆိုပြီး ဖမ်းဆီးပြီး ကာလ အတန်ကြာ ထိန်းသိမ်း ထားတော့ မှတ်ပုံတင် လုပ်ရတာ အဆင်မပြေတော့ဘူး။ အရင်နှစ် မေလ ၂၇ နေ့ မှာ ကျတော့ တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်ပွား ပြန်တယ်။ အဲ နောက်ပိုင်း မှတ်ပုံတင် ကောင်းကောင်း မပြုလုပ် ပေးတော့ဘူး။ တခြား ရုံးတွေ ဖွင့်ထားပေမယ့် လဝကရုံးကို ကောင်းကောင်း ပြန် မဖွင့် နိုင်ခဲ့ဘူး။ မနေ့က မှ စပြီးမှတ်ပုံတင် ပြန်လျှောက်လို့ ရသွားခဲ့တယ်” လို့ တီးတိန်မြို့ခံ တစ်ဦးမှ ပြောကြား ခဲ့ ပါတယ်။

၂၀၂၄ ဧပြီ လဝက် ခန့် ကနေ တီးတိန်မြို့မှာ မှတ်ပုံတင် လျှောက်ထား ပြုလုပ် နိုင်ခြင်း မရှိတော့ရာမှ တစ်နှစ် ကျော် အကြာမှာ တီးတိန်မြို့မှာ ပြန်လည် လျှောက်ထား ပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ပြည်သူများ အနေဖြင့် ဟားခါးရှိ ပြည်နယ် လဝက ရုံးတွင် မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း ကြားသိရသော်လည်း လက်ရှိ အခြေအနေ အရပ်ရပ် ကြောင့် လျှောက်ထားရန် အခက်အခဲ ရှိနေကြောင်း၊ တီးတိန်မြို့ အတွင်း နေထိုင်သူများ အတွက် မှတ်ပုံတင် လျှောက်ထား ပြုလုပ်နိုင်ခြင်း မရှိတဲ့ ကာလ ကြာရှည်တဲ့ အတွက် လူငယ်များ အနေဖြင့် အခက်အခဲ ကြုံနေ ခဲ့ရကြောင်း တီးတိန်မြို့နယ် နေ ပြည်သူများက ပြောပြပါတယ်။

“လူငယ်တွေက အကြောင်း အမျိုးမျိုးကြောင့် ခရီးသွားဖို့ ရှိလာ ပေမယ့် မှတ်ပုံတင် မရှိတော့ ဘာမှ လုပ်လို့ မရကြဘူး။ လေယာဉ် နဲ့မှ ခရီးသွားလို့ ရတော့ မှတ်ပုံတင် မပါဘဲ လေယာဉ် စီးလို့ မရဘူး။ Mobile pay တွေ လုပ်လို့ မရဘူး။ ဒုက္ခတွေ အများကြီး ကြုံရတယ်။ အခုလို မှတ်ပုံတင် ပြန်လုပ်နိုင်ကြတော့ အတော်လေး ဝမ်းသာ မိတယ်။ ပထမနေ့မှာတင် တန်းစီတဲ့ လူတန်းက အရှည်ကြီးဘဲ။ နောက်ရက်တွေဆို လူပိုများ နိုင်တယ်” လို့ ကိုယ်တိုင် မှတ်ပုံတင် ပြုလုပ်သူ ဒေသခံ လူငယ် တစ်ဦး က ပြောကြား ခဲ့ပါတယ်။

“လျှောက်လွှာတင်တာ က တီးတိန်မြို့မ ရဲစခန်း အောက်ဘက်မှာ ရှိတဲ့ နေအိမ် တစ်ခု မှာပါ။ အဲကနေ လျှောက်လွှာတွေ လက်ခံမယ်။ လက်မှတ်ထိုးတာ ဘာညာတော့ ကလေးမြို့ ကနေ လုပ်ပေးမယ် လို့ သိရပါတယ်” လို့ တီးတိန်မြို့ပေါ်ကလဝကရုံးမှာ မှတ်ပုံတင် သွားလျှောက်တဲ့ ကျေးလက် နေ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

“နက်ဖြန်ကျရင် ကျွန်တော်လည်း တီးတိန်မြို့တက်ပြီး မှတ်ပုံတင် သွားလုပ်မယ်။ အကြောင်း တခုခု ကြောင့် မှတ်ပုံတင် လျှောက်ထားခွင့် မပြုတော့တာမျိုး၊ လဝကရုံး ပြန်ပိတ်တာမျိုး ကြုံရမှာ စိုးရိမ် မိတယ်။ မှတ်ပုံတင် ရရင် ကျွန်တော့်မှာ အစီအစဉ်တွေ အများကြီးရှိတယ်။ အဲတာတွေ လွဲသွားမှာ စိုးရိမ်မိတယ်” လို့ တီးတိန်မြို့နယ်မှကျေးလက်နေ လူငယ် တစ်ဦး ကလည်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *