
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က Zomi Revolutionary Army (ZRA) အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ထဲက CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းအဖွဲ့ရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်ဆုတ်ခွာသွားတဲ့ ZRA တပ်ဖွဲ့ရဲ့ ထောင်ထားတဲ့ မိုင်းနင်းမိလို့ Chinland Council အဖွဲ့ဝင် CDF – Hualngoram တပ်သားတစ်ဦး ဧပြီလ ၂၁ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ကင်းစခန်းငယ်ကို အင်အားအလုံးအရင်း ၆၀ ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ် အဲဒီမှာ စခန်းမကျဖို့ ကျနော်တို့ရဲဘော်တွေက အပြင်းအထန်ခုခံခဲ့လို့ အကျအဆုံးနဲ့ အထိနာပြီး ပြန်ဆုတ်သွားကြတယ် မနက်မှာ ရှင်းလင်းရေးလုပ်ရင်းနဲ့ သူတို့ထောင်တဲ့ မိုင်းရှင်းရင်း မတော်တဆထိခိုက်ပြီး ကျသွားတာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ Ezra Lalrotlinga ကို CDF – Hualngoram ချင်းလဲန်းပြည်သူကာကွယ်ရေးတပ်မတော်က ဦးညွှတ်ဂုဏ်ပြုတဲ့အကြောင်းကိုလည်း CDF – Hualngoram က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
ကျဆုံးသူ Ezra Lalrotlinga ဟာ CDF – Hualngoram ချင်းလဲန်းပြည်သူကာကွယ်ရေးတပ်မတော်က Buannel တပ်ရင်းက ကိုယ်ပိုင်အမှတ် A024 ၊ တပ်ကြပ် တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ဧပြီလ ၂၀ ရက်နေ့က ZRA တပ်ဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNA ပူးပေါင်းအဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်းZRA ဘက်က ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာနဲ့ ပြန်ဆုတ်သွားတယ်လို့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။