
ငလျင်ဒဏ်ကြုံရတဲ့ မြန်မာနိုင်ငံအတွက် နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းမှာ ယာယီရွေ့လျားဆေးရုံ ဖွင့်လှစ်ပြီး အခမဲ့ဆေးကုသပေးနေတဲ့ အမေရိကန်အခြေစိုက် ခရစ်ယာန်ပရဟိတအဖွဲ့ တစ်ခုဖြစ်တဲ့ Samaritan’s Purse ရဲ့ ရွေ့လျားဆေးရုံမှာ ခွဲစိတ်မှုပေါင်း လူ ၂၆ ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီလို့ Samaritan’s Purseအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းမှာ ယာယီရွေ့လျားဆေးရုံ ဖွင့်လှစ်ပြီး အခမဲ့ဆေးကုသပေးနေတဲ့ အမေရိကန်အခြေစိုက် Samaritan’s Purse ရဲ့ ဆေးအဖွဲ့ဝင်တွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ယာယီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ သူတွေက ဧပြီလ ၁၀ ရက်နေ့က ပိတောက်ပန်းလက်ဆောင်ပေးခဲ့ကြပါတယ်။
အမေရိကန်အခြေစိုက် ခရစ်ယာန်ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Samaritan’s Purse ရဲ့ ရွေ့လျားဆေးရုံမှာ ပြင်ပလူနာဌာန၊ အရေးပေါ်ကုသမှုဌာန၊ ခွဲစိတ်ခန်းနဲ့ ဓာတ်ခွဲခန်းတွေ ပါဝင်တဲ့ ခုတင် ၆၀ ခန့် ယာယီဆေးရုံဖြစ်ပြီး လူနာမျိုးစုံကို အခမဲ့ ကုသပေးတာ ခွဲစိတ်ပေးတာတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
အမေရိကန် ဆေးကုရေးအဖွဲ့အနေနဲ့ ဧပြီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဧပြီလ ၈ ရက်နေ့က စတင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆာင်ရွက်လျက်ရှိပြီး လူနာ ၂၆ ဦးကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့ကလည်း အထူးကြပ်မတ်ဆောင် ၁ ဆောင်နဲ့ ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်ဆေးအဖွဲ့က ယာယီဆေးရုံအပြင် ရေသန့်စင်စက် ၆ လုံး၊ အရေးပေါ် ယာယီခိုလှုံနေရာ တည်ဆောက်ရေးပစ္စည်းတွေ၊ ဆိုလာမီးနဲ့ သန့်ရှင်းရေးပစ္စည်းတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး အထောက်အပံံ့ပစ္စည်း တန် ၁၀၀ ကျော်သယ်ဆောင်လာခဲ့ကြတယ်လို့လည်း သိရပါတယ်။
နာမည်ကျော်ကြားတဲ့ ခရစ်ယာန် တရားဟောဆရာ ဆရာကြီးဘီလီဂရေဟမ်ရဲ့ သား တရားဟောဆရာ ဖရန်ကလင်ဂရေဟမ် ဦးဆောင်တဲ့ Samaritan’s Purse အဖွဲ့ဟာ ကမ္ဘာပေါ်ရှိ သဘာဝဘေး၊ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လေယာဉ်ပေါင်း ၂၁ စီး နဲ့ အတူ ရဟတ်ယာဉ်၂ စီးဖြင့် ဒုက္ခရောက်နေသူတွေကို သခင်ယေရှု့ ဘုရားရဲ့ မေတ္တာဖြင့် ကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။