
ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီလ ၉ ရက်နေ့ညက မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မိသားစုဝင်တွေကို ကျပ်သိန်းငွေ ၃,၃၄၀,၀၀၀ ကျပ် ပံ့ပိုးကူညီခဲ့တဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။
မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို ဧပြီလ ၉ ရက်နေ့ ညကိုးနာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသား ကလေးငယ်၊ ၇ နှစ်အရွယ် ကလေးငယ်၊မသန်မစွမ်းလူငယ်တစ်ဦး၊ သက်ကြီးရွယ်အို ၂ ဦး နဲ့ ခရစ်ယာန်ပါစတာ တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူမိသားစု၊ နေအိမ်ပျက်စီးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၁၈၆၀၀၀၀ ပါဝင်ပြီး မင်းတပ်မြို့နေ ပြည်သူတွေ လှူဒါန်းငွေတွေနဲ့ စုစုပေါင်း ၃,၃၄၀,၀၀၀ ကိုပံ့ပိုးကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ နေ့လည် ၄ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျေုာင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာတွေ မရှိခဲ့ပေမယ့် ဘုရားကျောင်းဝင်းအတွင်းက အဆောက်အဦးတွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး ခရိုင်ပညာရေးရုံးနဲ့တကွ တစ်မြို့လုံးက လူနေအိမ်၊ ရုံးနဲ့ ဝန်ထမ်းအိမ်ရာ အဆောက်အဦတွေ အနည်းနဲ့အများ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။