ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့မှာ သိမ်းပိုက်နိုင်ပြီလို့ သိရ

ဧပြီလ ၇ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ဧပြီလ (၇) ရက်နေ့ မနက်ပိုင်းမှာဘဲ သိမ်းပိုက်နိုင်ပြီလို့သိရပြီး လက်ရှိ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Chin World Media ကို ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ ဖလမ်းမြို့ကို ဒီကနေ့ မနက်ပိုင်းမှာဘဲ သိမ်းနိုင်ပြီ လက်ရှိ ထွက်ပြေးနေတဲ့ စကစ တွေကို လိုက်ဖမ်းနေတုန်းဖြစ်တယ်၊ အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ကြပါလိမ့်မယ်” လို့ပြောပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ အစပိုင်းကာလမှာပင် ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ရဲစခန်းနဲ့တခြားတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့ ပေမယ့် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈ တပ်ရင်းကို ကာလအတန်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၅ လ ကျော်အကြာ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ ဖလမ်းမြို့ကိုအလုံးစုံသိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *