ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့စစ်သင်တန်းကို ရခိုင်လူမျိုးတွေအပြင် ချင်းတွေကိုလည်း တက်ရမယ်လို့ စည်းရုံးမှုတွေရှိလာတယ်လို့ သိရ

ဧပြီလ ၆ ရက်။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) ရဲ့စစ်သင်တန်းကို ရခိုင်လူမျိုးအပြင် ချင်းတွေလည်း တက်ရောက်ရမယ်လို့ (ULA/AA)အုပ်ချုပ်ရေးပိုင်းတွေ၊ အရာရှိတွေက အခုရက်ပိုင်းအတွင်း တစ်ရွာဝင်တစ်ရွာထွက် လိုက်လံပြောဆိုနေတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း နဲ့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိအခြေခံစစ်သင်တန်းတက်ဖို့ အာရက္ခတပ်တော် (AA)က အရင်က ရခိုင်လူမျိုးတွေကိုသာ ခေါ်ခဲ့တာဖြစ်ပြီး အခုမှ ချင်းတွေကိုလည်း ခေါ်လာတာဖြစ်တယ်လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “လက်ရှိပလက်ဝမြို့နယ်က ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ တပ်ပိုင်းအရာရှိတွေက တစ်ရွာဝင်တစ်ရွာထွက်ပြီး ရခိုင်လူမျိုးမဟုတ်တဲ့ ချင်းတွေလည်း သူတို့ရဲ့စစ်သင်တန်းကို တက်ရောက်ရမယ်လို့ ပြောတာတွေရှိတယ်၊ မီဇိုရမ်ဘက်ရောက်နေတဲ့သူတွေရှိရင်လည်း ပြန်ခေါ်ရမယ်လို့ သူတို့မိဘတွေကို ပြောတာတွေရှိတယ် အခုလိုလုပ်တာ သုံးရက်လောက်ရှိပြီ ကျေးရွာ ၆ ရွာလောက်ကို အဲလိုလုပ်သွားပြီ အခုလည်း တစ်ရွာဝင်တစ်ရွာထွက် ဆက်လုပ်နေတယ်” လို့ပြောပါတယ်။

အာရက္ခတပ်တော် (AA) က သူတို့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ အရွယ်ရောက်သူတိုင်း အခြေခံစစ်သင်တန်းတက်ရမယ်လို့ အမိန့်ထုတ်ပြန်လာပြီးနောက်ပိုင်း လူထုစည်းရုံးမှုတွေ စတင်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “အရင်တစ်ခေါက် ရွာလမ်းတွေပိတ်ပြီး စစ်သင်တန်းတွေ တက်ဖို့လူငယ်တွေကို ခေါ်တုန်းက ချင်းတွေဆိုရင် ပြန်လွှတ်ပေးတာမျိုးရှိတယ် သူတို့ ရခိုင်လူမျိုးတွေဘဲ ခေါ်တာ အခုက ချင်းတွေလည်း တက်ရမယ်လို့ ခေါ်တာဖြစ်တယ်၊ နောက်ပြီး AA ဘက်က လူကြီးတွေက ဘာလို့စစ်သင်တန်းမတက်ချင်တာလဲ CNAကမတက်ခိုင်းတာလား၊ ခြိမ်းခြောက်တာမျိုးရှိတာလားဆိုတာမျိုးတွေလည်း မေးတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ် အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *