
တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာလည်း များတာကြောင့် တတ်နိုင်သမျှ ဒီတော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်၊ နှစ်သစ်ကူးမိန့်ခွန်းပြောပါတယ်။
“အခုဆိုရင် နွေဦးတော်လှန်ရေးက ၄ နှစ်တာကျော်လွန်လာပြီဖြစ်ပါတယ် တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရပါတယ် တဖက်မှာတော့ တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဏာတွေကို ဂုတ်သွေးစုတ်ပြီးပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို စစ်အာဏာရှင်အမှုအကျင့် အတွေးအခေါ်မှန်သမျှ အဆုံးသတ်ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးရှိတယ်ဆိုတာကိုလည်း အရှိတရားကြည့်မြင်ရမှာဖြစ်ပါတယ် တတ်နိုင်သမျှဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထားရတဲ့ ဝန်ထုတ်ဝန်ပိုးတွေ ပပျောက်သွားအောင် ကြိုးစားကြရမှာဖြစ်ပါတယ် ဒီ ၂၀၂၅ ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တာ်လှန်ရေးအပြီးသတ် အောင်ပွဲအလင်းရောင်ကို ယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး ဆတက်ထမ်းပိုးကြိုးစားသွားရမှာဖြစ်ပါတယ်” လို့ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
စစ်တပ်အနေနဲ့လည်း နွေဦးတော်လှန်ရေး ၄ နှစ်ကျော်လာချိန် သမိုင်းတလျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ကြုံတွေ့နေရပြီး နိုင်ငံတဝန်းထိန်းချုပ်ထားနိုင်တဲ့ နယ်မြေကလည်း ၄ ပုံ ၁ ပုံတောင် မရှိတော့ဘူးလို့ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က မြန်မာနိုင်ငံတစ်ဝန်းလုံးက မြို့ပေါင်း ၁၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။