
ဧပြီလ ၁၇ ရက်။
အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ချီးမြင့်လိုက်ပါတယ်။
ဒေါက်တာမှုထန်ဟာ ၁၉၉၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲ တို့မှာ ထန်တလန်မြို့နယ်မှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲရာမှာ ပါဝင်ကာ အမျိုးသားညီလာခံတက်ရောက်ခဲ့သူလည်းဖြစ်ပါတယ် ။ ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ၁၇ ရက်မှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသူ/အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာပါတယ်။
စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်ထဲမှာနိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား အရေအတွက် ဘယ်လောက်ပါဝင်သလဲ ဆိုတာမသိရသေးပါဘူး။

