Headlines

ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးဒေသက ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမယ်

ဧပြီလ ၄ ရက်။

ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံး ဒေသက ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမှာဖြစ်တဲ့အကြောင်း ချင်းပြည် (Chinland)ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းပြည် (Chinland))ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက “သိန်းတထောင်ခန့် ထောက်ပံ့ဖို့ ပြင်ဆင်ထားပါတယ် ဘယ်နေရာဒေသတွေကို အဓိကထောက်ပံ့မလဲဆိုတာက ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးက ငလျင်ဒဏ်ခံနေတဲ့ ဒေသဖြစ်မှာပါ အသေးစိပ်တော့ ပြောမရသေးဘူး၊ သက်ဆိုင်ရာ အချင်းချင်းချိတ်ဆက်ပါလိမ့်မယ်” လို့ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ အဆောက်အအုံအများအပြား ပြိုလဲ ပျက်စီးခဲ့ပြီး လူ ထောင်ချီ သေဆုံးခဲ့ရပါတယ်။

မနေ့ဧပြီလ ၃ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာလည်း ၃၀၈၅ ဦးအထိ မြင့်တက်ခဲ့ပြီး ၄၇၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၄၁ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို အိန္ဒိယအစိုးရက ပေးပို့တဲ့ “Operation Brahma” အစီအစဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လေကြောင်းနဲ့ ရေလမ်းကနေ ပို့ဆောင်ပေးလျက်ရှိပြီး လက်ရှိ ကုန်းလမ်းကနေ ချင်းပြည်နယ်ကိုဖြတ်ပြီး ပေးပို့ဖို့လည်း လုပ်ဆောင်ကာ ချင်းပြည်နယ်ဘက်က တာဝန်ရှိသူတွေကို အိန္ဒိယဘက်က ဆက်သွယ်ညှိနှိုင်းတာမျိုးလည်းရှိကာ၊ကူညီကယ်ဆယ်ရေးထောက်ပံံ့ပစ္စည်းတွေအိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်နေပြီဖြစ်ကြောင်း ချင်းပြည် (Chinland) ကောင်စီ အတွင်းရေးမှူး (၁)ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ဆလိုင်းထက်နီက “ အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်ခွင့်ကို ညှိနှိုင်းတာရှိပါတယ် အခုထောက်ပံံ့ပစ္စည်းတွေလည်း နယ်စပ်ကို ရောက်နေပြီလို့သိရတယ် အသေးစိပ်တော့ မသိဘူး” လို့ပြောပါတယ်။

အိန္ဒိယအစိုးရက ပေးအပ်မယ့် ငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ချင်းပြည် (Chinland) အစိုးရအဖွဲ့ဝင် CDF – Hualngoram တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ရောက်ရှိနေပြီလို့လည်း ဒေသတွင်းချင်းမီဒီယာ Khonumtung Media ဖော်ပြချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *