
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-ဂန့်ဂေါ အကြားက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာ များကို မကြာမီ ဆက်လက်ပြီး တိုက်ခိုက်သွားမှာဖြစ်တဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) ကဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
CDF-KKG Major Operation ကို ၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်းနှင့်အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော်ဆောင်ခဲ့ပြီး၊ ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ CDF-KKG Major Operation တခုလုံးကို ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့တယ်လို့လည်း ဆိုပါတယ်။
ကလေး – ဂန့်ဂေါအကြားက စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ဖေဖော်ဝါရီ ၁၅ မတိုင်မီတွင်ပင် ကလေးတောင်ပိုင်းရှိ မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ်ကောင်စီ အခြေကုပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နဲ့ ကမ်းပါးနီစခန်းသိမ်း တိုက်ပွဲတွင် မဟာမိတ်တပ်များအနေဖြင့် CNA ၊ CDF-Hakha ၊ CDF-Thantlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ၊ CDF – Senthang ၊ နဂါးညီနောင် အစရှိသည် ) တို့ ပူးပေါင်းပါဝင်ခဲ့ပြီး၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုတွင်PDF Vakok, RKDF တို့မှလည်း နယ်မြေ ရှင်းလင်းရေး၊ ထိန်းချုပ်ရေး၊ ခုခံကာကွယ်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ တိုက်ပွဲများနှင့်တကွ စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှု စုစုပေါင်း (၁၉) ကြိမ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာများကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနှင့် Y12၊ Y8 အစရှိသည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုပေါင်း (၁,၀၀၀) ကျော် ပြုလုပ်ခဲ့ကြောင်း၊လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အဦနှင့် ပြည်သူ့နေအိမ်ပေါင်း (၆၀) ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း (၁၂) ရွာကျော်မှ ပြည်သူပေါင်း ( ၂၀,၀၀၀) ဝန်းကျင်တိမ်းရှောင်ခဲ့ကြရပြီး တချို့တဝက်ကျော်မှာ ယခုတိုင်တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း ၊လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ (၁၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ပြည်သူစုစုပေါင်း အယောက် (၄၀) ကျော်ခန့် ရှိခဲ့တယ်လို့လည်း CDF-KKG ကထုတ်ပြန်ထားပါတယ်။
CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ အာဇာနည်ရဲဘော်များ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရဲဘော်များကို ဂုဏ်ပြု အောက်မေ့ပါကြောင်းနှင့် အောင်ပွဲရရှိသည်အထိ အစွမ်းကုန်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှုတို့ကို လေးစားဂုဏ်ယူကြောင်းကိုလည်း ဖော်ပြထားပါတယ်။
CDF-KKG အနေနဲ့ မိမိတို့ အခြေပြုလှုပ်ရှားရာ ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသအတွင်းရှိ စစ်ကောင်စီတပ်များကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။



