Headlines

ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ခဲ့လို့ အဆောက်အဦးများစွာပျက်ဆီးပြီး ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဧပြီလ ၁၈ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၇) ကြိမ် လုပ်ခဲ့တာကြောင့် အဆောက်အဦးများစွာပျက်ဆီးပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး ကန်ပက်လက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၈ လုံးက လုံးဝပျက်စီးပြီး ၃၀ လုံးက တစ်စိပ်တစ်ပိုင်းပျက်စီးခဲ့သလို ဌာနပိုင် အဆောက်အဦးပေါင်း ၁၄ လုံးနဲ့ ရိပ်သာ ၁ လုံးလည်း ပျက်စီးခဲ့ပြီး စုစုပေါင်း ၆၃ လုံးပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့နဲ့ စည်းလုံးမှု၊ စုစည်းမှုအားကောင်းပြီး တိကျသေချာတဲ့ သတင်းတွေကို တစ်ဦးကိုတစ်ဦး သတင်းပေးခြင်းဖြင့် ကူညီကြဖို့ကိုလည်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက မင်းတပ်မြို့သိမ်းပိုက်ပြီး နောက်တစ်နေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ မြို့ကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်ကန်ပက်လက်မြို့ကိုCDF – Kanpetlet က သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *