ကန်ပက်လက်နဲ့မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်နေ

ဧပြီလ ၂ ရက်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ပေါ် ကနေရာတချို့ကို စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကာ ၊လူနဲ့အိမ်ထိခိုက်မှုအခြေအနေမသိရသေးကြောင်း မင်းတပ်မြို့ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့တနေရာကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့သလို မင်းတပ်မြို့ပေါ် တစ်နေရာကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်သတင်းတွေ ဖော်ပြနေတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။

ကံကြီးရွာက စစ်ကောင်စီစစ်ကြောင်းတွေလည်း မင်းတပ် – ဆော – ကျောက်ထုလမ်းဆုံ ဘက်ကို ရောက်နေပြီး စခန်းအထိုင်ချဖို့ ပြင်ဆင်လာနေတယ်လို့လည်း မင်းတပ်ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ ငလျင်ဒဏ်ကြုံနေရချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ယာယီအပစ်ရပ်ဖို့ ကမ်းလှမ်းချက်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပယ်ချတဲ့အကြောင်း မနေ့ဧပြီလ ၁ ရက်က ကျင်းပတဲ့ငလျင်ဘေးပြန်လည်ထူထောင်ရေး အလှူငွေပေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲဖော်ဆောင်ခြင်းမရှိသော်လည်း တိုက်ခိုက်ခြင်းတွေ လုပ်ဆောင်ဖို့အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းတွေကို လုပ်ဆောင်နေကြတာကို မိမိတို့အနေနဲ့ သိရှိပြီးဖြစ်ပြီး အဲ့လိုဆောင်ရွက်နေခြင်းဟာ တိုက်ခိုက်ခြင်းပင်ဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်တာတွေကို စစ်ကောင်စီဘက်က ဧပြီလ ၁ ရက်နေ့ ညနေ လောက်ကနေစလို့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့သလို ည ၁၀ ခွဲဝန်းကျင်လောက်မှာလည်း ထပ်မံဗုံးကြဲတာတွေ လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ လိုတယ်လို့်လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *